ရန်ကုန်၊ ဩဂုတ် ၁၀
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၄) ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်တွင် အစိုးရလျှပ်စစ်မီးကြိုးများ မကြာခဏခိုးယူခံနေရမှုများဖြစ်ပေါ်နေပြီး အဆိုပါဖြစ်ရပ်အတွက် ကုန်ကျငွေမှန်သမျှကို ရပ်ကွက်နေပြည်သူများကသာ အကုန်အကျခံဖြေရှင်းနေကြောင်း သိရသည်။
ဩဂုတ်လ ၁၀ ရက်၊ နံနက်ပိုင်းက ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၄) ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော် C ၂ လမ်း၊ C ၃ လမ်းနှင့် C ၅ လမ်းတို့တွင် ဩဂုတ်လ ၉ ရက်ညပိုင်းက အစိုးရလျှပ်စစ်မီးကြိုးများ ခိုးယူခြင်းခံရပြီး လျှပ်စစ်မီးများပြတ်တောက်နေခဲ့ကြောင်း ယုဇနဥယျာဉ်မြို့တော်နေပြည်သူများက ယနေ့ခေတ်သို့ ပြောကြားသည်။
“ဒီမနက် လေးနာရီကျော်လောက်ကနေ မီးကစပျက်တာ။ အခုလိုမီးကြိုးပြတ်တာ သူတို့မှာတာဝန်ရှိတယ်လေ။ အခု သူတို့ကပိုက်ဆံကောက်ပေးပါတဲ့။ လျှပ်စစ်ကလာပြောတာ။ ပိုက်ဆံကောက်ပြီးရင် ပြင်ပေးမယ်တဲ့။ သူတို့ မှာကြိုးမရှိဘူးတဲ့။ ကြိုးဝယ်ပြီးလုပ်ပေးဆိုတော့ ကြိုးဘယ်ကရမလဲ။ ကြိုးလည်းမရှိဘူးပြောတယ်။ အခု မြို့နယ် EPC ရုံးဝန်ထမ်းက ကြိုးဖိုး ၁၁,၀၈၀၀၀ ကျမယ်တဲ့ သုံးလမ်းစာအတွက်လို့တော့ပြောတယ်။” ဟု ရပ်ကွက်နေပြည်သူများက ယနေ့ခေတ်သို့ ပြောသည်။

ယခုကဲ့သို့ မီးပျက်နေသည့် လမ်းသုံးလမ်းနှင့်ပတ်သက်သည့်မီးလိုင်းကို ထိန်းချုပ်ထားသည့် ပင်မမီးခလုတ်ကို (EPC) တာဝန်ရှိသူများက ပိတ်ထားခဲ့ရာ ရပ်ကွက်နေပြည်သူများက အဆိုပါ ပင်မမီးခလုပ်ကို ပြန်ဖွင့်စစ်ဆေးပေးရန် တောင်ဆိုချက်ကိုလည်း (EPC) မှတာဝန်ရှိသူများက ငြင်းဆိုပြီး၊ ပိုက်ဆံပေးရန်သာ အတင်းအကျပ်တောင်းဆိုနေသည်ဟု ရပ် ကွက်နေပြည်သူများက ယနေ့ခေတ်သို့ ပြောကြားသည်။
“လောလောဆယ် ရပ်ကွက်ကို ပိုက်ဆံမကောက်ရသေးဘူး။ သူတို့တွေက ဒီပိုက်ဆံရမှ မီးကြိုးကိုလာလုပ်ပေးမယ် ပြောတယ်။ ဦးတို့အနေနဲ့တောင်းဆိုတာ အဓိကဖြစ်တဲ့ မိန်းခလုတ်ကို တင်ပေးစေချင်တာ။ ဒါမှ ခိုးသွားတဲ့ကောင်က ဘယ်မိန်းကြိုးကိုမှားလုပ်လည်းဆိုတာသိရမှာ။ အဲ့တော့မှ ဘယ်လမ်းကကြိုးကိုဖြုတ်တယ်၊ မဖြုတ်ဘူးဆိုတာ သိရမှာလေ။ ပြီးရင် ဖြုတ်ခံရတဲ့လမ်းကို ဝိုင်းပြီးမျှကူညီလို့ရအောင်ပါ။ အခုဟာက မိန်းလည်းမတင်ပေးဘူး။ ခိုးတဲ့ကောင်ကလည်း ခိုးသွားပြီဆိုတော့။ ဒါစဉ်းစားစရာပေါ့။” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယခုကဲ့သို့ မီးကြိုးဖြုတ်ခိုးခံရမှုများ မကြာခဏဖြစ်ပေါ်နေပြီး ရပ်ကွက်နေပြည်သူများက အမြဲတစေ ဝိုင်းဝန်းဖြေ ရှင်းနေရကြောင်း သိရသည်။
“မီးကြိုးတွေကို ခဏခဏခိုးတယ်။ ပြီးရင် ရပ်ကွက်ထဲက တစ်အိမ်ချင်းစီကငွေကောက်ပြီး ငွေရမှပြန်တပ်တယ်။ ပြီးရင် သိပ်မကြာဘူး ပြန်ခိုးခံရတယ်ဖြစ်ပြန်ရော။ အခုဟာကျတော့ လွန်လွန်းနေပြီ။ တစ်လမ်းလည်းမဟုတ်ဘူး။ သုံးလမ်းတောင်ဖြစ်တာ။ အရင်တစ်ခေါက်က ခိုးခံရတာကလည်း ပိတောက်လမ်း၊ အခု C ၁ လမ်း။ C ၂ လမ်း C ၅ လမ်း၊ သုံးလမ်းစလုံးပါကိုဖြတ်တာ အခု မနက်ကတည်းက အခုထိ မီးမလာတော့ဘူး။ ဘယ်လောက်ကြာမယ်ဆိုတာလဲ မသိရဘူး။ အကုန်လုံးဒုက္ခရောက်ရတယ်။“ ဟု ရပ်ကွက်နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
လျှပ်စစ်မီးကြိုးများ မကြာခဏခိုးယူခံနေရသော်လည်း (EPC) မှတာဝန်ရှိသူများနှင့် ရပ်ကွက်လုံခြုံရေးတာဝန်ရှိသူများမှာ မည်သို့မျှဖြေရှင်းပေးခြင်းမရှိကြဘဲ ပြန်လည်ပြင်ဆင်ပေးရေးအတွက် ငွေကြေးကောက်ခံရေးကိုသာ ပြုလုပ်နေကြကြောင်း ရပ်ကွက်နေပြည်သူများက ယနေ့ခေတ်သို့ ပြောကြားသည်။
ပြီးခဲ့သည့်၊ ဇူလိုင်လတွင်းကလည်း ဒဂုံဆိပ်ကမ်းမြို့၊ ယုဇနဥယျာဉ်မြို့တော်၊ C ၈ လမ်းတွင် လျှပ်စစ်မီးကြိုးများ ဖြုတ်ခိုးခံရမှုကြောင့် ရပ်ကွက်နေပြည်သူများထံမှ ကောက်ခံရရှိသည့် ငွေကျပ်ရှစ်သိန်းကျော်ဖြင့် ပြန်လည်တပ်ဆင်ခဲ့ရကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-ယနေ့ခေတ်
#ယနေ့ခေတ်
ယုဇနဥယျာဉ်မြို့တော်တွင် အစိုးရလျှပ်စစ်မီးကြိုးများ မကြာခဏခိုးယူခံနေရပြီး ရပ်ကွက်နေပြည်သူများကသာ အကုန်ကျခံဖြေရှင်းနေရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်