TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ငါးဦးသေဆုံး ဟုဆို

ရန်ကုန်၊ ဩဂုတ် ၁၀

TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော်နှင့် ကလေးငယ်အပါအဝင် ငါးဦးသေဆုံးခဲ့ပြီး၊ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၉ ရက်၊ ညနေ ၆ နာရီကျော်က မိုးကုတ်မြို့၊ ကျောက်နဂါးကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ပြီးနောက် သံဃာတော်နှင့် ကလေးငယ်အပါအဝင် ငါးဦးသေဆုံးခဲ့ပြီး၊ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မိုးကုတ်အရှေ့ပိုင်းက ကျောက်နဂါးကျေးရွာနားကိုကျတာ။ ညနေ ၆ နာရီကျော်လောက်ရှိမယ်ဗျ။ ကလေးငယ်နဲ့ သံဃာတော်လည်းပါတယ်။ ဗုံကျဲလို့သေတာ။ ဘုန်းကြီးကျောင်ပေါ်လည်းကျလို့ သံဃာတော်ပါး ပျံလွန်တော်မူပြီး တစ်ပါးဒဏ်ရာရတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်နဂါးကျေးရွာရှိ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်ငါးလုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။

TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင် ဇူလိုင်လနှင့် ဩဂုတ်လဆန်းပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး အရပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကာ၊ ဒဏ်ရာရရှိသူ ၃၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

“မိုးကုတ် ပန်မထိပ်မှာဆို နှစ်ကြိမ်၊ မိုးကိုအနောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ နှစ်ကြိမ်စီကျဲတယ်။ သေးဆုံးတာတော့ ကလေးငယ်လေးတွေလည်းပါမယ်ဆို ၁၀ ယောက်ကျော်လောက်ရှိမယ်ဗျ။ ဒဏ်ရာရတာ အယောက် ၃၀ ကျော် ၄၀ ဆယ်လောက်ရှိမယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မိုးကုတ်မြို့တွင် လေးကြောင်းတိုက်ခိုက်မှုများကြောင့် ဘုန်းကြီးကျောင်းနှင့် ဒေသခံများ၏ နေအိမ်အဆောက်အဦးများ၊ မော်တော်ယာဉ်များပါ ပျက်စီးခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းတွင် TNLA က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များကို သိမ်းယူခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်နေ့တွင် နစကတပ်များသည် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ယခုအခါ အစိုးရတပ်များသည် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များကို ပြန်လည်သိမ်းယူနိုင်ရေးအတွက် ထိုးစစ်ဆင်မှုများပြုလုပ်နေကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ- ဒေသခံများ

ယနေ့ခေတ်

TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ငါးဦးသေဆုံး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.