ကိဗ်၊ ဩဂုတ် ၁၈
ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလင်စကီးနှင့် ဥရောပခေါင်းဆောင်များသည် တနင်္လာနေ့တွင် ဝါရှင်တန်၌ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံမည်ဖြစ်သည်။ အမေရိကန်သမ္မတသည် ရုရှားအခွင့်သာစေသော အခြေအနေမျိုးကိုလက်ခံရန် ဇီလင်စကီးကိုဖိအားပေးပြီး ငြိမ်းချမ်းရေးသဘောတူညီချက်ကိုပုံဖော်မည်လားဟု စိုးရိမ်စိတ်များရှိနေစဉ်အတွင်း ဇီလင်စကီးနှင့် ဥရောပခေါင်းဆောင်များသည် တနင်္လာနေ့တွင် ဝါရှင်တန်၌ ထရမ့်နှင့်တွေ့ဆုံမည်ဖြစ်သည်။
ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဖင်လန်၊ ဥရောပသမဂ္ဂနှင့် နေတိုးခေါင်းဆောင်များသည် အရေးကြီးသောသံတမန်ရေးတွေ့ဆုံမှုတွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလက ထရမ့်နှင့်တွေ့ဆုံရာတွင် ဖြစ်ပွားခဲ့သည့်ပဋိပက္ခမျိုး ထပ်မံမဖြစ်ပွားစေရန် ဇီလင်စကီးအားတားဆီးနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။
ထရမ့်သည် ဩဂုတ် ၁၈ ရက်၊ နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် ဘဲဥပုံရုံးခန်း၌ ဇီလင်စကီးနှင့်တွေ့ဆုံမည်ဖြစ်သည်။ ညနေ ၃ နာရီ တွင် ဥရောပခေါင်းဆောင်အားလုံးနှင့် အိမ်ဖြူတော်အရှေ့ခန်းတွင်တွေ့ဆုံမည်ဟု အိမ်ဖြူတော်က ထုတ်ပြန်သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကို သောကြာနေ့က အလာစကာတွင် ကော်ဇောနီခင်းကြိုဆိုပြီးနောက် ထရမ့်က လူထောင်ပေါင်းများစွာသေဆုံးပြီး သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည့် ၄၂ လကြာစစ်ပွဲကိုအဆုံးသတ်ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးသင့်သည်ဟု ပြောကြားခဲ့သည်။
“ သူအလိုရှိရင် ရုရှားနဲ့စစ်ပွဲကို ချက်ချင်းအဆုံးသတ်နိုင်တယ်။ ဒါမှမဟုတ် ဆက်တိုက်နိုင်တယ်” ဟု ထရမ့်က ၎င်း၏ Truth ဆိုရှယ်မီဒီယာတွင် ယူကရိန်းခေါင်းဆောင်ကို သွယ်ဝိုက်ရေးသားခဲ့သည်။
ဇီလင်စကီးသည် ထိုအစည်းအဝေးတွင် ယူကရိန်းအရှေ့ပိုင်း Donetsk ဒေသကိုစွန့်လွှတ်ရန်အပါအဝင် သမ္မတပူတင်၏အဆိုပြုချက်များကို ပယ်ချခဲ့ပြီး “ ကျနော်တို့က တကယ့်စေ့စပ်ညှိနှိုင်းမှုတွေ လိုအပ်တယ်။ ဆိုလိုတာကတော့ ရှေ့တန်းရောက်နေတဲ့နေရာကနေ စနိုင်မယ်” ဟု ယူကရိန်းခေါင်းဆောင်က တနင်္ဂနွေနေ့က ဘရပ်ဆဲလ်တွင်ပြောကြားပြီး ၎င်း၏နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နယ်မြေကိုစွန့်လွှတ်ရန်မဖြစ်နိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“ ဖိတ်ကြားမှုအတွက် အမေရိကန်သမ္မတကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အားလုံး ဒီစစ်ပွဲကို မြန်မြန်ဆန်ဆန်နဲ့ ယုံကြည်စိတ်ချစွာနဲ့ အဆုံးသတ်ချင်ပါတယ်” ဟု တနင်္ဂနွေ နေ့နှောင်းပိုင်းတွင် ဝါရှင်တန်သို့ရောက်ရှိပြီးနောက် တယ်လီဂရမ်တွင် ဇီလင်စကီးက ပြောကြားသည်။
“ ရုရှားဟာ ဒီစစ်ပွဲကို အဆုံးသတ်ရမှာဖြစ်သလို သူစတင်ခဲ့တဲ့ စစ်ပွဲပါ။ ပြီးတော့ အမေရိကန်ဟာ ဥရောပမိတ်ဆွေတွေနဲ့အတူ စုစည်းထားတဲ့အင်အားတွေနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ ရုရှားကိုတွန်းအားပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ဇီလင်စကီးက ပြောကြားသည်။
Credit: Reuters
#ယနေ့ခေတ်
ရုရှားနှင့်စစ်ရပ်စဲရေးအတွက် ထရမ့်ကဖိအားပေးနေစဉ် ဇီလင်စကီးက ဥရောပခေါင်းဆောင်များနှင့်အတူ ဝါရှင်တန်သွားမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်