မိုးကုတ်-မန္တလေးကားခများ နှစ်ဆမြင့်တက်နေ ဟုဆို

ရန်ကုန်၊ ဩဂုတ် ၁၈

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံများ မန္တလေးမြို့သို့ စစ်ဘေးရှောင်အသွားများလာချိန်တွင် မိုးကုတ်-မန္တလေးကားခများ နှစ်ဆမြင့်တက်လာသဖြင့် အခက်အခဲရှိနေကြောင်း သိရသည်။

မိုးကုတ်မြို့အရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့တွင် နှစ်လကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ထက်မနည်းဖြစ်ပေါ်ခဲ့ပြီးနောက် ဒေသခံအချို့စစ်ဘေးရှောင်ရန် မန္တလေးမြို့သို့အသွားများလာချိန်တွင် မိုးကုတ်-မန္တလေးကားခသည် ၂၅၀,၀၀၀ ကျပ်မှ ၅၀၀,၀၀၀ ကျပ်အထိမြင့်တက်နေကြောင်း သိရသည်။

“ရှောင်သင့်ပြီလို့တွေးပြီး ကားခတွေစုံစမ်းတာ မိုးကုတ်-မန္တလေးကားခက ရှေ့ခန်းဆို ငါးသိန်း၊ အနောက်ခန်းက လေးသိန်းတဲ့။ သားအမိနှစ်ယောက်အတွက်တောင် အနည်းဆုံး ဆယ်သိန်းမှမရှိရင် မန္တလေးသွားလို့မရ​တော့ဘူး။ ဒါတောင် နေထိုင်စားသောက်စားရိတ်မပါသေးဘူး။ အရင်နှစ်ကရှောင်ဖူးသူတွေဆို အခုနှစ် သိပ်မရှောင်ကြတော့ဘူး ဘယ်လိုခက်ခဲခဲ့တာတွေကို ကိုယ်တိုင်ကြုံဖူးပြီးပြီမို့လို့။” ဟု ဒေသခံတစ်ဦးက ယနေ့ခတ်သို့ ပြောသည်။

ဩဂုတ်လဆန်းပိုင်းက မိုးကုတ်-မန္တလေးကားခသည် ၂၀၀,၀၀၀ ကျပ် မှ ၂၅၀,၀၀၀ ကျပ်အထိသာရှိခဲ့ကြောင်း သိရသည်။

“လွန်ခဲ့တဲ့ တစ်ပတ်ကတောင် ရှေ့ခန်းဆို နှစ်သိန်းခွဲ ၊ အနောက်ခန်းဆို နှစ်သိန်းပဲရှိတယ်။ ဟိုးအရင် စစ်တွေမဖြစ်ခင်ပုံမှန်စျေးက ရှေ့ခန်း ငါးသောင်း၊ နောက်ခန်း သုံးသောင်းခွဲပဲရှိခဲ့တာ။ ရှောင်တဲ့လူလဲ ရှောင်ကြတာပေါ့။ တချို့က မန္တလေး၊ တောင်ကြီးဘက် တချို့က ရွာဘက်တွေပေါ့။ မြို့ထဲလည်း လူရှိနေပါသေးတယ်။ အပြင်တော့ သိပ်မထွက်ရဲ​ကြတော့တာပေါ့။” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဇူလိုင် ၂၉ ရက်နေ့ကလည်း၊ TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့၏နေရာအချို့တွင် ကားလမ်းများပိတ်ထားခြင်းကြောင့် ဒေသခံအချို့ စစ်ရှောင်သွားရန် အခက်အခဲများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင် ဇူလိုင်လနှင့် ဩဂုတ်လဆန်းပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီးနောက် အရပ်သားသေဆုံးသူဦးရေ ၅၀ ထက်မနည်းရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူဦးရေ ၆၀ နီးပါးရှိခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းတွင် TNLA က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များကို သိမ်းယူခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်နေ့တွင် နစကတပ်များသည် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ယခုအခါ နလအတပ်များသည် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များကို ပြန်လည်သိမ်းယူနိုင်ရေးအတွက် ထိုးစစ်ဆင်မှုများပြုလုပ်နေကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-ဒေသခံ

#ယနေ့ခေတ်

မိုးကုတ်-မန္တလေးကားခများ နှစ်ဆမြင့်တက်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.