လော့စ်အိန်ဂျလိစ်တွင် မရိန်းတပ်များဖြန့်ထားမည်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးအား ဖမ်းဆီးမည့်အကြံကို ထရမ့်ထောက်ခံ

လော့စ်အိန်ဂျလိစ် ဇွန် ၁၀

သမ္မတဒေါ်နယ်ထရန့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများအပေါ် ဆန္ဒပြသူများက ပြင်းပြင်းထန်ထန်တုံ့ပြန်ပြီးနောက် အမေရိကန်စစ်တပ်သည် မရိန်းတပ်သား ၇၀၀ ခန့်ကို အမျိုးသားအစောင့်တပ်များ ထပ်မံရောက်ရှိလာသည်အထိ လော့စ်အိန်ဂျလိစ်တွင် ယာယီတပ်ဖြန့်ထားမည်ဖြစ်ကြောင်း သိရသည်။

လော့စ်အိန်ဂျလိစ်တွင် တနင်္လာနေ့က ရာနှင့်ချီသောရွှေ့ပြောင်းအခြေချသူများကို ချုပ်နှောင်ထားသည့် ဗဟိုအစိုးရ ထိန်းသိမ်းရေးစခန်းအပြင်ဘက်တွင် ဆန္ဒပြသူများစုဝေးခဲ့ကြပြီး လေးရက်မြောက်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။

အခင်းဖြစ်ပွားရာနေရာသို့ အမျိုးသားအစောင့်တပ်များ ထပ်မံမရောက်မချင်း ဖက်ဒရယ်ပိုင်ဆိုင်မှုနှင့် အမှုထမ်းများကိုကာကွယ်ရန် တပ်ရင်းတစ်ခုစေလွှတ်မည်ဖြစ်ကြောင်း အမေရိကန်စစ်တပ်က ပြောကြားသည်။

ထရမ့်အစိုးရအဖွဲ့သည် ယခုအခြေအနေကို တပ်ဖွဲ့ဝင်များအား အရပ်ဘက်တရားဥပဒေစိုးမိုးရေးတွင် တိုက်ရိုက်ပါဝင်ခွင့်ပြုမည့် သောင်းကျန်းမှုအက်ဥပဒေအဖြစ် သတ်မှတ်ခြင်းမရှိသေးကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦးက ပြောကြားသည်။

ဖက်ဒရယ်ဥပဒေနှင့် နိုင်ငံတော်အချုပ်အခြာအာဏာကို ချိုးဖောက်သည်ဟုစွပ်စွဲကာ အမျိုးသားအစောင့်တပ်နှင့် မရိန်းတပ်သားများချထားခြင်းကိုပိတ်ပင်ရန် ကယ်လီဖိုးနီးယားသည် တနင်္လာနေ့(ဇွန် ၉ ရက်)တွင် ထရမ့်အစိုးရအား တရားစွဲခဲ့သည်။

ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့များ၏ စီးနင်းမှုများကို တုံ့ပြန်သည့်အနေနှင့် လမ်းပေါ်ထွက်ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက် သမ္မတထရမ့်က စနေနေ့တွင် အမျိုးသားအစောင့်တပ်ကို ဖြန့်ကျက်ချထားခဲ့ခြင်းကြောင့် တင်းမာမှုများ ပိုမိုဖြစ်ပေါ်လာခဲ့သည်။

နိုင်ငံအတွင်းတရားမဝင်နေထိုင်သော ရွှေ့ပြောင်းနေထိုင်သူများကို ပြည်နှင်ဒဏ်ပေးရန် ထရမ့်အစိုးရအဖွဲ့၏ ပြင်းထန်သောကြိုးပမ်းမှုကို အကြီးမားဆုံး တုံ့ပြန်လုပ်ဆောင်မှုပင်ဖြစ် သည်။

လော့စ်အိန်ဂျလိစ်ရဲချုပ် ဂျင်မ် မက်ဒေါ်နဲလ်က ၎င်း၏ဌာနသည် မရိန်းတပ်သားများ မြို့တော်သို့ရောက်ရှိလာမည်ဟု တရားဝင်အကြောင်းကြားစာ မရရှိထားကြောင်း ပြောကြားသည်။

လော့စ်အိန်ဂျလိစ်ရဲဌာနမှ အရာရှိငါးဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း၊ ဆန္ဒပြသူအချို့က ရဲတပ်ဖွဲ့ဝင်များကို ကွန်ကရစ်တုံးများ၊ ပုလင်းများနှင့်ပစ်ပေါက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ပြောကြားသည်။

ဆန္ဒပြပွဲများကိုကိုင်တွယ်ရန် ထရမ့်၏ဆုံးဖြတ်ချက်သည် သမ္မတအာဏာကို အလွဲသုံးစားလုပ်ခြင်းဖြစ်သည်ဟု ဒီမိုကရက်တစ်များက ပြောကြားသည်။

“ တိုးမြင့်လုပ်ဆောင်လာမှုအဆင့်သည် လုံးဝခိုင်လုံမှုမရှိ၊ ဥပဒေအရတောင်းဆိုခြင်းမရှိ၊ မကြုံစဖူးပင်ဖြစ်သည်” ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ်၏ ပြန်ကြားရေးအရာရှိက X တွင်ပြောကြားသည်။

နယူးဆမ်သည် အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးအစီအမံများကို အဟန့်အတားဖြစ်စေနိုင်သောကြောင့် ၎င်းကိုဖမ်းဆီးသင့်သည်ဟု နယ်ခြားအရာရှိ တွမ်ဟိုမင်း၏အကြံပြုချက်ကို ထောက်ခံကြောင်း ထရမ့်က ပြောကြားသည်။

“ ကျွန်တော်သာ တွမ်နေရာမှာဆိုရင် ကျွန်တော်လုပ်မှာပါ။ အရမ်းကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ထရမ့်က သတင်းထောက်များအား ပြောကြားသည်။

#CNA

#ယနေ့ခေတ်

လော့စ်အိန်ဂျလိစ်တွင် မရိန်းတပ်များဖြန့်ထားမည်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးအား ဖမ်းဆီးမည့်အကြံကို ထရမ့်ထောက်ခံ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.