ရန်ကုန်၊ ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ၇ လမ်းရှိ တိုက်ခန်းတွင် ဇွန် ၉ ရက်၊ နံနက် ၆ နာရီက ဓားပြတိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နေအိမ်တိုက်ခန်းအတွင်း အမျိုးသမီးတစ်ဦးတည်းရှိနေချိန်တွင် အမည်မသိမျက်နှာဖုံးစွပ်လူတစ်စုက ပိုက်ဆံအိတ်၊ တယ်လီဖုန်းနှင့် လက်ဝတ်ရတနာများအား ဓားပြတိုက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တိုက်ခန်းထဲမှာ မနက်အစောကြီးကို ပိုက်ဆံ ၇ သိန်းပါတဲ့ ပိုက်ဆံအိတ်ရယ်။ တယ်လီဖုန်းတစ်လုံးနဲ့ လက်ဝတ်ရတနာအချို့ပါသွားတယ်။ ဓားပြတိုက်သူတွေက အမျိုးသမီးကိုဓားနဲ့ယမ်းလို့ အမျိုးသမီးရဲ့ဘယ်ဘက်လက်နဲ့ ညာဘက်လက်တွေမှာ ဓားဒဏ်ရာများစွာရရှိခဲ့ပါတယ်။” ဟု လမ်းမတော်မြို့နယ်မှ ဆယ်အိမ်မှူးတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဓားပြမှုဖြစ်ပွားစဉ် အိမ်ရှင်အမျိုးသမီးက ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းခံခဲ့ရာ ဓားပြအဖွဲ့က ၎င်းအမျိုးသမီးကို ဓားဖြင့်အသက်အန္တရာယ်ပြုခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့လယ်ခေါင်တွင် မကြာခဏလုယက်ဓားပြတိုက်မှုများကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် တရားဥပဒေစိုးမိုးမှုမှာ စိုးရိမ်ဖွယ်ရာဖြစ်လာကြောင်း လသာမြို့နယ်နေသူများက ယနေ့ခေတ်သို့ ပြောသည်။
အလားတူ ဇွန် ၇ ရက်၊ နံနက် ၆ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ဆိုင်ကယ်စီးလာသူ အမျိုးသမီးတစ်ဦးအား အမည်မသိလူ ၇ ဦးက ဆိုင်ကယ်နှင့် ပိုက်ဆံအိတ်တို့ကို အဆောင်ရှေ့တွင် လုယက်ဓားပြ တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
#မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
#ယနေ့ခေတ်
လမ်းမတော်မြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ဓားပြတိုက်ခံရ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်