ရန်ကုန်၊ ဇူလိုင် ၄
သန်လျင်မြို့မရဲစခန်းနောက်ကျောတွင် ဇူလိုင် ၃ ရက်၊ မွန်းလွဲ ၃ နာရီက ဆိုင်ကယ်စီးလာသည့် အမည်မသိလူသုံးဦးက ခရီးသွားပြည်သူတစ်ဦးထံမှ တယ်လီဖုန်းကို လုယက်ထွက်ပြေးသွားကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ပြည်တော်သာလမ်း၊ မြို့သစ်အရှေ့ရပ်ကွက်၊ အထက(၂) ကျောင်းရှေ့၊ သန်လျင်မြို့မရဲစခန်းနောက်ကျောတွင် ဇူလိုင် ၃ ရက်၊ မွန်းလွဲ ၃ နာရီက အသက် ၂၅ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ iphone 16 pro အမျိုးအစား လက်ကိုင်ဖုန်းအား မျက်နှာ၌နှာခေါင်းစည်းတပ်ဆင်ထားသူ လူငယ်သုံးဦးက လုယက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
“ ဖုန်းလုယက်သူတွေကလဲ အသက် ၃၀ နှစ်အရွယ် လူလတ်ပိုင်းသုံးဦးပါ။ သန်လျင်မှာ အများအစုက ဘေးတွဲပဲစီးလို့ရတာပါ။ ဆိုင်ကယ်စီးလို့ရတယ်ဆိုတာ စဉ်းစားစရာလူတွေပါ။ ညီမဖုန်းကို လက်ထဲကနေ အတင်းအဓမ္မလုယက်သွားကြတာပါ” ဟု လုယက်ခံရသူအမျိုးသမီးက ယနေ့ခေတ်သို့ ပြောသည်။
ထို့နောက် ဗိုလ်ချုပ်နေဝင်းလမ်း၊ မြို့ရှေ့အနောက်ရပ်ကွက်၊ KBZ ဘဏ်အရှေ့တွင် ဇူလိုင် ၃ ရက်၊ ညနေ ၄ နာရီက ဖုန်းပြောကာလမ်းလျှောက်နေသူ အသက် ၃၀ နှစ်အရွယ် အ မျိုးသမီးထံက Redmi အမျိုးအစားဖုန်းတစ်လုံး လုယက်ခံခဲ့ရကြောင်း သိရသည်။
“ အိမ်က စျေးမှာတာလေး လှမ်းပြောနေချိန်မှာ အနောက်ကနေ ဆိုင်ကယ်စီးလာတဲ့လူသုံးဦးက ရုတ်တစ်ရက်လုသွားကြတာပါ။ ဘေးပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းပါတယ်။ ဒါပေမယ့် သူတို့က နှစ်ဘီးဆိုတော့ လွတ်သွားပါတယ်” ဟု ဖုန်းလုယက်ခံရသူအမျိုးသမီးက ယနေ့ခေတ်သို့ ပြောသည်။
အလားတူ ဇူလိုင် ၃ ရက်၊ ညနေ ၆ နာရီတွင် ကျိုက်ခေါက်ဘုရားလမ်း၊ ဆေးရုံကွေ့အနီး၌ အမည်မသိလူသုံးဦးက အလုပ်ပြန်ဝန်ထမ်းတစ်ဦး၏ ဘေးဆွဲအိတ်ကိုလုယက်ခဲ့ပြီး ယင်းအိတ်အတွင်း ငွေကျပ်တစ်သိန်းနှင့် Oppo အမျိုးအစားဖုန်းတစ်လုံးပါသွားကြောင်း သိရသည်။
သန်လျင်မြို့၌ တစ်ရက်တည်း လုယက်မှုသုံးကြိမ်ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ခိုး၊ ဆိုး၊ လု၊ ယက်မှုကျူးလွန်သူများက ဆိုင်ကယ်တစ်စီးဖြင့် ပြစ်မှုကျူးလွန်လျက်ရှိနေကြောင်း သိရ သည်။
#မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
#ယနေ့ခေတ်
သန်လျင်တွင် တစ်ရက်တည်း သုံးကြိမ်ဆက်တိုက် လုယက်မှုဖြစ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်