ဂါဇာတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ၄၈ နာရီအတွင်း ပါလက်စတိုင်း ၃၀၀ ကျော်သေဆုံး

ဂါဇာ၊ ဇူလိုင် ၃

ပြီးခဲ့သည့် ၄၈ နာရီအတွင်း ပါလက်စတိုင်းသား ၃၀၀ ကျော်ကို အစ္စရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်း ဂါဇာအစိုးရမီဒီယာရုံး၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါကာလအတွင်း အစ္စရေးသည် အစုလိုက်အပြုံလိုက် သွေးထွက်သံယိုဖြစ်မှု ၂၆ ကြိမ်ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဂါဇာကမ်းမြှောင်ကို အစ္စရေး၏တိုက်ခိုက်မှုအတွင်း အနည်းဆုံး ပါလက်စတိုင်း ၁၁၈ ဦးသေဆုံးပြီး၊ ၅၈၁ ဦးဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်းကျန်း မာရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားသည်။

အငြင်းပွားဖွယ် အစ္စရေးနှင့် အမေရိကန်ကျောထောက်နောက်ခံပြု ဂါဇာလူသားချင်းစာနာထောက်ထားမှု ဖောင်ဒေးရှင်း (GHF) မှ အကူအညီလိုအပ်နေသူ ၃၃ ဦးအပါအဝင် အာ ရုဏ်တက်ချိန်မှစ၍ အနည်းဆုံး ၇၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

တောင်ပိုင်းရှိ al-Mawasi တွင် တဲတစ်လုံးကို အစ္စရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ ၁၃ ဦးသေဆုံးခဲ့ကြောင်း၊ ထို့အတူ ဂါဇာမြို့အနောက်ဘက်ရှိ ရွှေ့ပြောင်းနေထိုင်သူများ ခိုလှုံရာနေရာဖြစ်သည့် Mustafa Hafez ကျောင်းအား တိုက်ခိုက်မှုကြောင့် ၁၆ ဦးသေဆုံးခဲ့ကြောင်း ဆေးဘက်ဆိုင်ရာသတင်းရင်းမြစ်များက Al Jazeera သို့ ပြောကြားသည်။

ကျောင်းအဆောက်အဦတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ပါလက်စတိုင်းတစ်ဦးဖြစ်သူ Ahmed Mansour က “ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်တော်တို့ နိုးလာခဲ့ပါတယ်။ ငလျင်လှုပ်သလို ခံစားရတယ်။ လူတွေက ဒရုန်းနဲ့ပစ်ခတ်တာလို့ ပြောကြပေမယ့် အသံက ကြောက်မက်ဖွယ်ကောင်းပြီး ကျည်ဆန်တွေ ဒုံးကျည်တွေ ပေါက်ကွဲကုန်တယ်။ အားလုံးကို မီးတင်ရှို့တယ်။ အားလုံးပျက်စီးကုန်တယ်။ ဘယ်သူမှမကယ်နိုင်ဘဲ နာရီနဲ့ချီပြီး မီးလောင်သွားတယ်။” ဟု ဆိုသည်။  

လွန်ခဲ့သည့် ၄၈ နာရီအတွင်း တိုက်ခိုက်မှုများသည် သောင်းနှင့်ချီသော အိုးအိမ်မဲ့လူများ၊ အများသူငှာ အနားယူရာနေရာများ၊ ၎င်းတို့၏နေအိမ်များ၊ လူကြိုက်များသောဈေးများ၊ အရေးကြီးသော အရပ်သားအဆောက်အအုံများနှင့် ငတ်မွတ်ခေါင်းပါးသူများကို အစားအစာရှာဖွေနေသည့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ကြာသပတေး နေ့တွင် အစိုးရမီဒီယာရုံးမှ သတင်းထုတ်ပြန်သည်။

Ref: Al Jazeera

#ယနေ့ခေတ်

ဂါဇာတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ၄၈ နာရီအတွင်း ပါလက်စတိုင်း ၃၀၀ ကျော်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.