ဟိုပင်မြို့တွင် ဓားပြတိုက်၊ လူသတ်မှုကြောင့် မိသားစုဝင်ငါးဦး သေဆုံး

ရန်ကုန်၊ မတ် ၅

ကချင်ပြည်နယ်၊ ဟိုပင်မြို့ရှိ နေအိမ်တစ်လုံးတွင် ဓားပြတိုက်ခံရပြီး မိသားစုဝင်ငါးဦး ဓားဒဏ်ရာများနှင့် အသတ်ခံထားရကြောင်း သိရသည်။

မတ်လ ၄ ရက်၊ ည ၁၁ နာရီကျော်က ဟိုပင်မြို့၊ မြို့မတောင်ရပ်ကွက်၊ မြသာယာနယ်မြေ(၅)တွင် နေအိမ်အတွင်း အသက် ၅ နှစ်အရွယ်ရှိ ကလေးငယ်အပါအဝင် မိသားစုဝင်ငါးဦး ဓားပြတိုက်ခံရပြီး ဓားဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သိရသည်။

“အသတ်ခံရတာက လင်မယားနှစ်ယောက်ရယ်၊ ကလေးနှစ်ယောက်ရယ်၊ အိမ်အကူအမျိုးသမီးတစ်ယောက်ရယ် ငါးယောက်ပေါ့နော်။ အဲ့အကြောင်းကြားပြီး စိတ်မကောင်းလည်းဖြစ်ရတယ်။ ပြီးတော့ အဲ့အန်တီတို့က အပေါင်ခံတဲ့အလုပ်လည်းလုပ်တယ်တဲ့။ မီးခံသေတ္တာကိုထုရိုက်တာတော့လုပ်သွားကြတယ်တဲ့ဗျ။ ဒါပေမဲ့ မီးခံသေတ္တာတော့ပါမသွားဘူးတဲ့။” ဟု ဟိုပင်မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဓားပြတိုက်ခံရကာ ဓားဒဏ်များနှင့်သေဆုံးသူ၏ လင်မယားနှစ်ဦးတွင် ရန်ငြိုးရန်စများလည်းရှိနေကြောင်း နီးစပ်သူတစ်ဦးထံမှ သိရသည်။

“အသတ်ခံရတာကိုတော့ မနက်ကျမှသိကြရတာ။ သူတို့အိမ်မှာ တံခါးလေးက ဟထားတာကို ဝင်နေကြတစ်ယောက်ကတွေ့လို့ ကြည့်တဲ့အချိန်မှာ သတ်ခံထားရတာတွေတယ်။ ပြီးတော့ ရန်ငြိုးတစ်ခုခုလည်းရှိမယ်ထင်တယ်ဗျ။ ကလေးတွေကငယ်သေးတယ်။ အသက် ၁၁ ကျော် ယောင်္ကျားတစ်ယောက်နဲ့ ၅ နှစ်ကျော် မိန်းကတစ်ယောက်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဓားဒဏ်ရာများဖြင့် သေဆုံးနေသူများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ယနေ့နံနက်တွင် နေအိမ်သို့သွားရောက်ကာ အမှုဖွင့်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓားပြတိုက်၊ လူသတ်မှုတွင် ကျူလွန်သူတရားခံများ လွတ်မြောက်နေဆဲဖြစ်ကြောင်းလည်း သိရသည်။

ဇန်နဝါရီ ၈ ရက်၊ နံနက် ၈ နာရီကလည်း၊ ဖားကန့်မြို့၊ ဆိပ်မူကျေးရွာအုပ်စု၊ တောင်းကော့ကျေးရွာရပ်ကွက်(၂) တွင် အိမ်းငှားနေထိုင်သည့် မြေးအဖွားသုံးဦး ဓာဖြင့်ထိုးသတ်ခံရပြီး သေဆုံးနေကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-ဒေသခံ

#ယနေ့ခေတ်

ဟိုပင်မြို့တွင် ဓားပြတိုက်၊ လူသတ်မှုကြောင့် မိသားစုဝင်ငါးဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.