ဝါရှင်တန်၊ ဧပြီ ၂၃
သမ္မတဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားတွင် မိုင်းထောင်ထားသောလှေတိုင်းကို ပစ်သတ်ရန် အမေရိကန်ရေတပ်ကို အမိန့်ပေးခဲ့ပြီး အမေရိကန် မိုင်းရှင်းလင်းရေးအဖွဲ့များသည် ရေပြင်မှမိုင်းများကို ရှင်းလင်းရန် “သုံးဆတိုးမြှင့်” လုပ်ဆောင်နေကြောင်း ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့တွင် ပြောကြားသည်။
“ဟော်မုဇ်ရေလက်ကြား၏ ရေပြင်တွင် မိုင်းထောင်ထားသော လှေငယ်များကို ပစ်သတ်ရန် အမေရိကန်ရေတပ်ကို အမိန့်ပေးထားပြီးဖြစ်သည်” ဟု ထရမ့်က ရေးသားခဲ့ပြီး အီရန်၏ရေတပ်သင်္ဘောအားလုံးသည် ပင်လယ်ကြမ်းပြင်အောက်ခြေတွင်ရှိနေကြောင်း ထပ်လောင်းပြောကြားသည်။
“တွန့်ဆုတ်နေစရာ မလိုပါဘူး။ ဒါ့အပြင် ကျွန်တော်တို့ မိုင်းရှင်းလင်းရေးအဖွဲ့များက ရေလက်ကြားကို ရှင်းလင်းနေကြတယ်။” ဟု ပြောသည်။
အမေရိကန်သည် ရေလက်ကြားအပေါ် “အပြည့်အဝထိန်းချုပ်” ထားကြောင်းလည်း ထရမ့်က ပြောကြားသည်။
“အမေရိကန်ရေတပ်၏ ခွင့်ပြုချက်မရှိဘဲ မည်သည့်သင်္ဘောမျှ ဝင်ရောက်ခွင့် သို့မဟုတ် ထွက်ခွာခွင့်မရှိပါ။ အီရန်က သဘောတူညီချက်တစ်ခု ရရှိနိုင်သည်အထိ ‘တင်းကျပ်စွာပိတ်ထားသည်။” ဟု ထရမ့်က ရေးသားခဲ့သည်။
ဝါရှင်တန်ပို့စ်သတင်းစာက ပင်တဂွန်၏ အကဲဖြတ်ချက်ကို ကိုးကား၍ အီရန်ချထားသောမိုင်းများကို ဟော်မုဇ်ရေလက်ကြားတွင် လုံးဝရှင်းလင်းရန် ခြောက်လကြာနိုင်ကြောင်း အစောပိုင်းက ဖော်ပြခဲ့သည်။
ခြောက်လကြာခန့်မှန်းချက်ကို အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့ကော်မတီဝင်များနှင့် လျှို့ဝှက်ရှင်းလင်းပွဲတစ်ခုအတွင်း မျှဝေခဲ့ကြောင်း ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့သည်။
အစီရင်ခံစာအရ အီရန်သည် ရေလက်ကြားနှင့်အနီးတစ်ဝိုက်တွင် မိုင်း ၂၀ သို့မဟုတ် ထို့ထက်ပို၍ထားရှိခဲ့ပြီး အချို့ မှာ GPS နည်းပညာကိုအသုံးပြု၍ အဝေးထိန်းစနစ်ဖြင့် မျောပါနေခြင်းကြောင့် ရှာဖွေတွေ့ရှိရန် ပိုမိုခက်ခဲကြောင်း ဥပဒေပြုအမတ်များအား ပြောကြားခဲ့သည်။
ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဝါရှင်တန်ပို့စ်၏သတင်းသည် “လျှို့ဝှက်အဆင့်အတန်း” ကို အခြေခံထားသော်လည်း အချက်အလက်အများစုမှာ မှားယွင်းကြောင်း AFP သို့ ပြောကြားသည်။
“ဟော်မုဇ်ရေလက်ကြားကို ခြောက်လကြာပိတ်ခြင်းသည်မဖြစ်နိုင်ဘဲ လုံးဝလက်မခံနိုင်သောကိစ္စဖြစ်သည်” ဟု ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ Sean Parnell က အဆိုပါသတင်းကိုငြင်းဆိုကာ AFP နှင့် မျှဝေထားသော ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
Ref: channelnewsasia.com
ယနေ့ခေတ်
ဟော်မုဇ်ရေလက်ကြားတွင် မိုင်းထောင်ထားသောလှေများကို ပစ်သတ်ရန် အမေရိကန်ရေတပ်ကို ထရမ့် အမိန့်ပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်