တဲလ်အဗစ်၊ ဇွန် ၁၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်၏ပစ်မှတ်များကို မတိုက်ခိုက်ရန် သတိပေးနေချိန်တွင် အစ္စရေးနှင့် အီရန်တို့က ဇွန် ၁၅ ရက်တွင် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
ကလေးငယ်များအပါအဝင် လူခုနစ်ဦးထက်မနည်းသေဆုံးပြီး၊ အသက်ရှင်ကျန်ရစ်သူများကိုရှာဖွေရန် အစ္စရေးကယ်ဆယ်ရေးအဖွဲ့များက ဓာတ်မီးများနှင့် အနံ့ခံခွေးများကိုအသုံး ပြုကာ တိုက်ခိုက်မှုအတွင်းပျက်စီးသွားသော နေအိမ်အဆောက်အအုံများအတွင်း ရှာဖွေခဲ့ကြကြောင်း အာဏာပိုင်များက ပြောကြားသည်။
အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကိုရပ်တန့်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည့် နျူကလီးယားဆွေးနွေးပွဲကို အီရန်ကရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ဝါရှင်တန်က ပြောကြားသည်။ လာမည့်ရက်များအတွင်း အစ္စရေး၏တိုက်ခိုက်မှုများသည် အီရန်ကြုံတွေ့ခဲ့ရသမျှနှင့် လုံးလုံးကွဲပြားခြားနားမည်ဖြစ်ကြောင်း အစ္စရေး၀န်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟုက ပြောကြားသည်။
“အီရန်နဲ့ အစ္စရေးကြား သဘောတူညီချက်ကို အလွယ်တကူရနိုင်ပြီး ဒီသွေးထွက်သံယိုပဋိပက္ခကို အဆုံးသတ်နိုင်ပါတယ်။” ဟု ထရမ့်ကပြောသော်လည်း ဖြစ်နိုင်ချေရှိသည့် သ ဘောတူညီချက်နှင့်ပတ်သက်၍ အသေးစိတ်ပြောကြားခြင်းမရှိချေ။
သောကြာနေ့က အစ္စရေး၏ပထမဆုံးတိုက်ခိုက်မှုတွင် တီဟီရန်သို့ ဒုံးကျည်တစ်စင်းကျရောက်ခဲ့ရာ လူ ၇၈ ဦးသေဆုံးခဲ့ကြောင်း အီရန်ကပြောကြားခဲ့ပြီး၊ ဒုတိယမြောက်တိုက် ခိုက်မှုတွင် သေဆုံးသူ ၆၀ အနက် ၂၉ ဦးသည် ကလေးငယ်များဖြစ်ပြီး၊ ၁၄ ထပ်မြင့်အဆောက်အဦတစ်လုံး ထိခိုက်ခဲ့ကြောင်း အီရန်ကပြောကြားသည်။
တီဟီရန်ရှိ Shahran ရေနံသိုလှောင်ရုံကို အစ္စရေးကပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ကပြောကြားခဲ့သော်လည်း အခြေအနေများကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြောကြားသည်။
မြို့တော်တီဟီရန်အနီးရှိ ရေနံချက်စက်ရုံတစ်ရုံကို အစ္စရေးကတိုက်ခိုက်ပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အီရန်ကာကွယ်ရေးဝန်ကြီးဌာနအဆောက်အအုံကို ပစ်မှတ်ထားကာ အစ္စရေး၏တိုက်ခိုက်မှုကြောင့် အနည်းငယ်ပျက်စီးသွားခဲ့ကြောင်း Tasnim သတင်းဌာနက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
စနေနံနက်ပိုင်းတွင် အီရန်၏တိုက်ခိုက်မှုစတင်ခဲ့ရာ ဂျေရုဆလင်နှင့် ဟိုင်ဖာတို့တွင် လေကြောင်းတိုက်ခိုက်မှု သတိပေးဥသြသံများ ကျယ်လောင်စွာထွက်ပေါ်လာခဲ့ပြီး လူတစ်သန်းခန့်ကို ဗုံးခိုစခန်းများသို့ ပို့ဆောင်ပေးခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၂ နာရီ မိနစ် ၃၀ ခန့်တွင် အစ္စရေးစစ်တပ်က နောက်ထပ်ဝင်လာသော ဒုံးကျည်များကိုတားဆီးခဲ့ပြီး ဒေသခံများအား ဘေးလွတ်ရာတွင်ခိုလှုံရန် တိုက်တွန်းခဲ့သည်။
အီရန်က ဒုံးကျည်များပစ်လွှတ်လိုက်စဉ် တဲလ်အဗစ်နှင့် ဂျေရုဆလင်တို့၏ ကောင်းကင်ယံတွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်ခဲ့ပြီး ဒုံးပျံများကို ကြားဖြတ်တုံ့ပြန်ခဲ့သည်။ သတိပေးချက်ထုတ်ပြန်ပြီး တစ်နာရီနီးပါးအကြာတွင် စစ်တပ်က ဒေသခံများကို အမိုးအကာများအောက်တွင်နေထိုင်ကြရန် သတိပေးချက်ကို ရုပ်သိမ်းလိုက်သည်။
ပြီးခဲ့သော ၂၄ နာရီအတွင်း အစ္စရေးအလယ်ပိုင်းရှိ ဂျဖ်ဖာမြို့ကို ဒုံးကျည်အမြောက်အမြားဖြင့် ပစ်မှတ်ထားခဲ့ကြောင်း အီရန်၏မဟာမိတ် ယီမင်နိုင်ငံမှ ဟူသီသူပုန်များက ပြောကြားသည်။ အဆိုပါထုတ်ပြန်ချက်သည် အီရန်၏မဟာမိတ်များထံမှ ပထမဆုံးအကြိမ် ပူးပေါင်းပါဝင်မှုဖြစ်သည်။
အီရန်၏တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် ၁၀ နှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် တစ်ညတည်းတွင် အနည်းဆုံး လူခုနစ်ဦးသေဆုံးပြီး ၁၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်လူနာတင်ယာဉ်မှ တာဝန်ရှိသူက ပြောကြားသည်။
တဲလ်အဗစ်မြို့တောင်ဘက်ရှိ Bat Yam တိုက်ခိုက်မှုအပြီး လူ ၃၅ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း အစ္စရေးမီဒီယာက ဖော်ပြသည်။ အဆိုပါနေရာတွင် ၈ ထပ်အဆောက် အအုံကို ဒုံးကျည်တစ်စင်းထိမှန်ခဲ့ပြီး၊ လူအများအပြားကို ကယ်ဆယ်နိုင်ခဲ့သော်လည်း သေဆုံးမှုများရှိခဲ့ကြောင်း အရေးပေါ်ဝန်ဆောင်မှုဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုနေ့တစ်ညလုံး အဆောက်အဦမည်မျှထိမှန်သည်ကို မသိရပေ။
သောကြာနေ့က အီရန်၏လက်တုံ့ပြန်တိုက်ခိုက်မှုစတင်ပြီးနောက် ယခုအချိန်အထိ အစ္စရေးတွင် အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး ၃၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။
တနင်္ဂနွေနေ့တွင် အိုမန်နိုင်ငံ၌ကျင်းပမည့် အမေရိကန်နှင့် အီရန် နျူကလီးယားဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araqchi က ပြောကြားသည်။ အစ္စရေး၏ ရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုများကို ခံနေရချိန်တွင် ဆွေးနွေးမှုများ ကျင်းပနိုင်မည်မဟုတ်ကြောင်း ၎င်းကပြောကြားသည်။
အီရန်နိုင်ငံ၏ စွမ်းအင်အခြေခံအဆောက်အအုံကို စနေနေ့တွင် အစ္စရေးတိုက်ခိုက်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားပြီးနောက် Tasnim သတင်းဌာနက ကမ္ဘာ့အကြီးဆုံးဓာတ်ငွေ့တွင်း၌ ထုတ်လုပ်မှုကိုတစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းထားကြောင်း ပြောကြားခဲ့သည်။
အီရန်နိုင်ငံတောင်ပိုင်း Bushehr ပြည်နယ် ကမ်းလွန်ပင်လယ်ပြင်ရှိ South Pars လုပ်ကွက်သည် အီရန်နိုင်ငံမှထွက်ရှိသော ဓာတ်ငွေ့အများစု၏ အရင်းအမြစ်ဖြစ်သည်။
ပထမနေ့တွင် အီရန်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့အဆောက်အအုံကို အစ္စရေးကနှောင့်ယှက်ခဲ့ခြင်းကြောင့် ဒေသတွင်းရေနံတင်ပို့မှုတွင် အနှောင့်အယှက်ဖြစ်နိုင်ခြေကို စိုးရိမ်သ ဖြင့် သောကြာနေ့တွင် ရေနံဈေး ၉ ရာခိုင်နှုန်းတက်သွားခဲ့သည်။
အီရန်ဗိုလ်ချုပ်ကြီး Esmail Kosari က တီဟီရန်သည် ရေနံတင်သင်္ဘောများ ပင်လယ်ကွေ့သို့ဝင်ရောက်မှုကို ထိန်းချုပ်ရေးအတွက် ဟော်မုဇ်ရေလက်ကြားကိုပိတ်ထားရန် ပြန် လည်သုံးသပ်နေပြီဖြစ်ကြောင်း စနေနေ့က ပြောကြားခဲ့သည်။
Ref: CNA
#ယနေ့ခေတ်
အစ္စရေးနှင့် အီရန်တို့၏ စစ်ရေးပဋိပက္ခကို အလွယ်တကူအဆုံးသတ်နိုင်သည်ဟု ထရမ့်ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်