အမေရိကန်နိုင်ငံရှိ တရုတ်ကျောင်းသားများ အဆင်ပြေမည်ဟု ဒေါ်နယ်ထရမ့် ဆို

ဝါရှင်တန်၊ မေ ၃၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်းတို့အုပ်ချုပ်ရေးအဖွဲ့၏ စိစစ်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ ကျောင်းသားဗီဇာကိုင်ဆောင်ထားသူများကြား စိုးရိမ်ပူပန်မှုများကို လျှော့ချရန်ကြိုးပမ်းခဲ့ပြီး အမေရိကန်တွင် ပညာသင်ကြားနေစဉ် အရာအားလုံးအဆင်ပြေမည်ဖြစ်ကြောင်း ပြောကြားသည်။

“ ကောင်းပြီ၊ သူတို့အဆင်ပြေသွားမယ်။ အဲဒါက အဆင်ပြေသွားမှာပါ” ဟု နိုင်ငံအတွင်းဆက်လက်နေထိုင်လိုသော ကျောင်းသားများအတွက် သောကြာနေ့ညတွင် ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

“ကျောင်းသားတစ်ဦးချင်းစီကို စစ်ဆေးကြည့်ချင်တယ်” ဟု ၎င်းကပြောသည်။ “ ဒါက ကောလိပ်အားလုံးအတွက်ပါပဲ။” ဟု ၎င်းကဆက်လက်ပြောကြားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရိုက တရုတ်ကျောင်းသားများအတွက် ဗီဇာများရုတ်သိမ်းရန် စီစဉ်နေကြောင်း ယခုသီတင်းပတ်တွင်ကြေညာခဲ့ပြီး၊ တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်နွယ်သူများ သို့မဟုတ် အရေးကြီးသောနယ်ပယ်များမှ လာရောက်ပညာသင်ကြားနေသည့်ပုဂ္ဂိုလ်များကို သက်ရောက်စေမည်ဖြစ်ကြောင်း ပြောကြားသည်။

ရူဘီရိုက အမေရိကန်သည် “ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဟောင်ကောင်မှ အနာဂတ်ဗီဇာလျှောက်ထားမှုများအားလုံး၏ လုံခြုံရေးကိုတိုးမြှင့်မည်” ဟု ပြောကြားသည်။

အဆိုပါလုပ်ရပ်သည် ဝါရှင်တန်နှင့် ပေကျင်းကြား ခွဲခြားဆက်ဆံမှုများနှင့် တင်းမာမှုများကို ပိုမိုဆိုးရွားစေသည်ဟု တရုတ်က ပြင်းပြင်းထန်ထန်ဝေဖန်ရှုံ့ချခဲ့သည်။

ထရမ့်သည် ယခုလအစောပိုင်းတွင်ဆွေးနွေးခဲ့သော ကုန်သွယ်ရေးစစ်ပွဲရပ်စဲရေးအပေါ် တရုတ်နိုင်ငံအားပြန်လည်စွပ်စွဲခဲ့ပြီး၊ သောကြာနေ့အစောပိုင်းတွင် ကုန်သွယ်မှုစည်းမျဥ်းများကိုဖြေလျှော့ပေးခဲ့ပြီးနောက် ကမ္ဘာ့စီးပွားရေးကို ကျဆင်းထိခိုက်စေမည့် ပါးကိုက်ရင် နားကိုက်ပြန်ကိုက်မည်ဆိုသည့် ကုန်သွယ်ရေးစစ်ပွဲအား လျော့ပါးစေခဲ့သည်။

တရုတ်ကျောင်းသားဗီဇာ ကန့်သတ်ချက်များသည် အမေရိကန်တက္ကသိုလ်များတွင် တက်ရောက်နေသည့် နိုင်ငံခြားသားများကို စိစစ်မှုတိုးမြှင့်ရန် အုပ်ချုပ်ရေးအဖွဲ့၏ ပိုမိုကျယ်ပြန့်သော တွန်းအားပေးမှုတစ်စိတ်တစ်ပိုင်းဖြစ်သည်။

ဟားဗတ်တက္ကသိုလ်သည် ဝင်ခွင့်လက်ခံခြင်းမှ အလုပ်ခန့်ခြင်းအထိ ကျယ်ပြန့်သောကိစ္စရပ်များစွာတွင် ၎င်းတို့၏မူဝါဒများကိုပြောင်းလဲရေးအတွက် အထက်တန်းလွှာအဖွဲ့အစည်းများကို အတင်းအကျပ်ဖိအားပေးရန် ထရမ့်၏ကြိုးပမ်းအားထုတ်မှုများကို တွန်းလှန်ခဲ့ပြီးနောက် ဟားဗတ်တက္ကသိုလ်သည် အဆိုပါလှုပ်ရှားမှု၏ အဓိကပစ်မှတ်ဖြစ်ခဲ့သည်။

အနာဂတ်ကျောင်းသားများ၊ ကျောင်းသားများ၊ ဆရာများ၊ ဝန်ထမ်းများ၊ ကန်ထရိုက်တာများ၊ ပြင်ပမှလာရောက်ပို့ချသူများနှင့် ခရီးသွားများအပါအဝင် ဟားဗတ်သို့လာရောက်လိုသော လျှောက်ထားသူတိုင်းအတွက် အွန်လိုင်းစစ်ဆေးခြင်းပြုလုပ်ရန် ရူဘီရိုက သောကြာနေ့အစောပိုင်းတွင် ကောင်စစ်ဝန်အရာရှိများအား အမိန့်ပေးခဲ့သည်။ တင်းကျပ်သောစစ် ဆေးမှုတွင် ဆိုရှယ်မီဒီယာအကောင့်များ ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထရမ့်အစိုးရသည် ဟားဗတ်တက္ကသိုလ်အတွက် ဖက်ဒရယ်သုတေသနရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံကျော်ကို ရပ်တန့်ထားပြီး ဖက်ဒရယ်စာချုပ်များအားလုံးကို ဖြတ်တောက်ရန် ရွှေ့ဆိုင်းထားသည်။

တက္ကသိုလ်သည် ရန်ပုံငွေဖြတ်တောက်မှုနှင့်ပတ်သက်၍ အစိုးရအဖွဲ့ကိုတရားစွဲခဲ့ပြီး  ဖက်ဒရယ်ကျောင်းသားများအား တားမြစ်ပိတ်ပင်ခြင်းအား အုပ်ချုပ်ရေးမှလိုက်ပါဆောင်ရွက်ခြင်းမပြုရန် ယာယီတရားရုံးအမိန့်ကို ရရှိခဲ့သည်။

ဟားဗတ်တက္ကသိုလ်တွင် နိုင်ငံခြားကျောင်းသားစာရင်းသွင်းမှုကို ၁၅% ကန့်သတ်သင့်သည်ဟု ထရမ့်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အုပ်ချုပ်ရေးအဖွဲ့သည် ဆန္ဒပြပွဲများတွင်ပါဝင်သူများ၏ စည်းကမ်းဆိုင်ရာမှတ်တမ်းများနှင့် ဗီဒီယိုများအပါအဝင် ထိုနေရာတွင် စာရင်းသွင်းထားသော နိုင်ငံခြားကျောင်းသားများနှင့်ပတ်သက်သည့် ဟားဗတ်တက္ကသိုလ်မှ အချက်အလက်များကိုလည်း ရှာဖွေခဲ့သည်။

“ဘာကြောင့် ဟားဗတ်က ကျွန်တော်တို့ကို စာရင်းမပေးတာလဲမသိဘူး” ဟု ထရမ့်က သောကြာနေ့ညတွင် ပြောကြားခဲ့သည်။ “ ဟားဗတ်က ကျွန်တော်တို့ကို စာရင်းမပေးတာကြောင့် တစ်ခုခုဖြစ်နေပါတယ်။ သူတို့က ကျွန်တော်တို့ကို စာရင်းပေးသင့်ပြီး သူတို့ကိုယ်သူတို့ ပြဿနာကနေ ရုန်းထွက်ဖို့လုပ်နေတာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဂါဇာရှိ အစ္စရေး၏တိုက်ခိုက်မှုများကိုဆန့်ကျင်သည့် ဆန္ဒပြပွဲများနှင့်ဆက်စပ်နေသည့် ဂျူးမုန်းတီးရေး၊ ဆန့်ကျင်ရေးဝါဒကိုနှိမ်နင်းရန် ၎င်းတို့၏ကြိုးပမ်းမှုမှာ တက္ကသိုလ်များအပြောင်းအလဲကို တွန်းအားပေးရန်ကြိုးပမ်းခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးအရာရှိများက ပြောကြားသည်။

ဟားဗတ်တွင် ကျောင်းသားပေါင်း ၆,၈၀၀ နီးပါးရှိပြီး၊ အခြားနိုင်ငံများမှလာသည့် ကျောင်းသားသည် ၂၀၀၆ ခုနှစ် တွင် ၂၀% ခန့်ရှိရာမှ ယခုအခါ ကျောင်းသားအားလုံး၏ ၂၇% ရှိသည်ဟု ဟားဗတ်တက္ကသိုလ်၏ အချက်အလက်များအရ သိရသည်။

Ref: Bangkok Post

#ယနေ့ခေတ်

အမေရိကန်နိုင်ငံရှိ တရုတ်ကျောင်းသားများ အဆင်ပြေမည်ဟု ဒေါ်နယ်ထရမ့် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.