ရန်ကုန်၊ မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ Joy Time (Myanmar) Garment အထည်ချုပ်စက်ရုံ၌ အလုပ်သမားများက လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် မေ ၃၀ ရက်နှင့် မေ ၃၁ ရက်တို့တွင် နှစ်ရက်တာဆန္ဒပြတောင်းဆိုနေကြောင်း သိရသည်။
Joy Time (Myanmar) Garment အထည်ချုပ်စက်ရုံတွင် အလုပ်သမားအားလုံးစုပေါင်း၍ လုပ်ငန်းခွင်သို့ဝင်ရောက်ခြင်းမရှိဘဲ ထမင်းစားဆောင်၌ သပိတ်မှောက်ဆန္ဒပြလျက်ရှိနေကြောင်း သိရသည်။
“ အလုပ်သမားတွေရဲ့ အခြေခံလုပ်ခလစာ တစ်ရက် ၁၃,၀၀၀ ကျပ်နဲ့ အချိန်ပိုကြေး ၂၅၀၀ ကျပ်ရရှိရေးအတွက် တိုးမြှင့်တောင်းဆိုခဲ့တာပါ။ အထည်ချုပ်ဝန်ထမ်းအားလုံး လုပ်ငန်းခွင်ထဲ ဝင်ရောက်ရှိခြင်းမရှိခဲ့ပါဘူး၊ လက်ရှိအချိန်ထိ အလုပ်ရှင်ဘက်က တွေ့ဆုံညှိနှိုင်းမှု မရှိသေးပါဘူး” ဟု Joy Time (Myanmar) Garment အထည်ချုပ်စက်ရုံမှ ဝန်ထမ်းတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါအထည်ချုပ်စက်ရုံတွင် အလုပ်သမား ၁၀၀၀ ကျော်ရှိပြီး အထည်ချုပ်ဝန်ထမ်းတစ်ဦး၏ တစ်ရက်အခြေခံ လုပ်ခလစာ ၁၃,၀၀၀ ကျပ်နှင့် အချိန်ပိုကြေး ၂၅၀၀ ကျပ်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုနေကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအထည်ချုပ်စက်ရုံတွင် လုပ်ကိုင်လျက်ရှိသော အလုပ်သမားများက စားဝတ်နေရေးနှင့်စပ်လျဥ်း၍ အခြေခံကုန်စျေးနှုန်းများ အဆမတန်မြှင့်တက်လာမှုကြောင့် အနည်းဆုံးလုပ်ခလစာ တိုးမြှင့်ရရှိနိုင်ရေးအတွက် တောင်းဆိုနေခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် မေ ၁၄ ရက်က လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်(၂) )ရှိ ချန်းရိ (Tsang Yih) ဖိနပ်စက်ရုံမှ အလုပ်သမား ၆,၀၀၀ က လုပ်ခလစာတိုးမြှင့်ပေးရန် ခုနစ်ရက်ကြာ ဆန္ဒပြတောင်းဆိုခဲ့ရာတွင် အလုပ်ရှင်နှင့် အလုပ်သမားများကြား နှစ်ဖက်ညှိနှိုင်းမှုအဆင်ပြေခဲ့ကြောင်း သိရသည်။
#မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
#ယနေ့ခေတ်
ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ၌ လုပ်သားများ လုပ်ခလစာတိုးမြှင့်ရရှိရေး တောင်းဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်