အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံ စည်းကြပ်ခွန်ညှိနှိုင်းမည့်ရက်ကို သက်တမ်းတိုး

ဝါရှင်တန်၊ ဩဂုတ် ၁၂

ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံနှစ်ခုအကြား စည်းကြပ်ခွန်များတိုးမြှင့်ရေး ဆွေးနွေးညှိနှိုင်းမည့်ရက်ကုန်ဆုံးရန် နာရီပိုင်းအလိုတွင် အမေရိကန်နှင့် တရုတ်တို့သည် ၎င်းတို့၏ ကုန်သွယ်မှုစည်းကြပ်ခွန်များ ဆွေးနွေးညှိနှိုင်းမည့်အချိန်ကို နောက်ထပ်ရက် ၉၀ သက်တမ်းတိုးခဲ့သည်။

ဒေါ်နယ်ထရမ့်သည် ကုန်သွယ်မှုစည်းကြပ်ခွန်များ ဆွေးနွေးညှိနှိုင်းခြင်းကို နိုဝင်ဘာလ ၁၀ ရက်အထိ ဆက်လက်လုပ်ဆောင်ရန်အမိန့်ကို တနင်္လာနေ့တွင်လက်မှတ်ရေးထိုးခဲ့ပြီး၊ ဘေဂျင်းသည် ၎င်း၏အခွန်စည်းကြပ်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်းအချိန်ကို သက်တမ်းတိုးရန်ကြေညာခဲ့သည်။

အမေရိကန်သည် တရုတ်သွင်းကုန်များအပေါ် စည်းကြပ်ခွန် ၃၀% နှင့် တရုတ်က အမေရိကန်ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၁၀% ထားရှိမည်ဟု ဆိုသည်။

ဝါရှင်တန်သည် ယခုနှစ်အစောပိုင်းက တရုတ်ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၁၄၅% တိုးမြင့်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး ဘေဂျင်းသည် အမေရိကန်၏တင်ပို့မှုအပေါ် အခွန် ၁၂၅% ဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။

ပြီးခဲ့သည့်မေလအတွင်းက ဂျီနီဗာ၌ကျင်းပသည့် ကုန်သွယ်ရေးဆွေးနွေးပွဲအပြီး နှစ်နိုင်ငံစလုံးက နှုန်းထားများကိုလျှော့ချခဲ့သည်။

ဆွေးနွေးမှုအချိန်ဇယား သက်တမ်းတိုးခြင်းသည် ကုန်သွယ်ရေးမညီမျှမှုများကို ကုစားရန်နှင့် မမျှတသော ကုန်သွယ်မှုအလေ့အကျင့်များနှင့်ပတ်သက်၍ နောက်ထပ်ညှိနှိုင်းမှုများအတွက် အချိန်ပိုပေးခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။

၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၃၀၀ ဘီလီယံ (ပေါင် ၂၂၃ ဘီလျံ) နီးပါးရှိခဲ့ကြောင်း အဆိုပါပမာဏသည် ၎င်း၏ကုန်သွယ်ဖက်များထဲတွင် အကြီးမားဆုံးဖြစ်သည်။

အဆိုပါဆွေးနွေးပွဲသည် တရုတ်နိုင်ငံသို့ အမေရိကန်တင်ပို့ရောင်းချသူများဝင်ရောက်နိုင်မှု တိုးမြင့်လာစေရန်နှင့် အမျိုးသားလုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များကို ကိုင် တွယ်ဖြေရှင်းရန်လည်းရည်ရွယ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝါရှင်တန်ရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ တရုတ်နဲ့ အမေရိကန်ကြား အောင်မြင်တဲ့ပူးပေါင်းဆောင်ရွက်မှုဟာ မှန်ကန်တဲ့လမ်းကြောင်းဖြစ်ပါတယ်၊ ဖိနှိပ်ချုပ်ချယ်မှုတွေက ဘယ်ကိုမှ မရောက်နိုင်ပါဘူး” ဟု ပြောကြားသည်။

Credit: BBC

#ယနေ့ခေတ်

အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံ စည်းကြပ်ခွန်ညှိနှိုင်းမည့်ရက်ကို သက်တမ်းတိုး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.