ဘန်ကောက်၊ ဇူလိုင် ၂
ထိုင်းနိုင်ငံ၊ မုတ်ဒါဟန်ပြည်နယ်၊ မောင်ခရိုင်၌ ဇူလိုင် ၂ ရက်၊ ကြာသပတေးနေ့ နံနက်ခင်းက လမ်းလျှောက်လာသည့်ရဟန်းများကို အသက် ၁၁ နှစ်အရွယ် ယောက်ျားလေးမောင်းနှင်လာသော ပစ်ကပ်ကားတစ်စီးက ဝင်တိုက်မိပြီးနောက် ရဟန်းရှစ်ပါး ပျံလွန်တော်မူပြီး၊ ၁၈ ပါး ဒဏ်ရာရရှိခဲ့သည်။
ယင်းမတော်တဆမှုသည် နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် နာစီနွမ်ရွာရှိ ဟွေဆင်းဒေသဝင်ပေါက်အနီး ရဟန်းများလမ်းလျှောက်နေစဉ် ဖြစ်ပွားခဲ့သည်။
ဒေသခံသတင်းများအရ ရဟန်းများသည် ဥဘွန်ရတ်ချဌာနီပြည်နယ်၊ နမ်ခွန်ခရိုင်မှ ခရီးသွားများဖြစ်ပြီး မုတ်ဒါဟန်ရှိ နာစီနွမ်ဈေးအနီးသို့ ရောက်ရှိချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရဟန်းငါးပါးသည် အခင်းဖြစ်ပွားရာနေရာတွင် ပျံလွန်တော်မူခဲ့ပြီး ကျန်သုံးပါးမှာ မုတ်ဒါဟန်ဆေးရုံတွင် ပျံလွန်တော်မူခဲ့သည်။ ရဟန်း ၁၈ ပါး ဒဏ်ရာရရှိခဲ့ပြီး ၁၃ ပါးမှာ ဒဏ်ရာပြင်းထန်သည်။

စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူ အရေအတွက်မှာ အပြောင်းအလဲဖြစ်နိုင်သည်။
ကပ်ဘေးမဖြစ်မီက ရဟန်း ၃၄ ပါးအဖွဲ့သည် Wat Roi Phrathabat Phu Manorom တွင် ဆွမ်းစားပြီးနောက် မုတ်ဒါဟန်ရှိ ဒွန်တန်ခရိုင်သို့ ခြေလျင်ဘုရားဖူးခရီး ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။
မတော်တဆဖြစ်သည့်ယာဉ်မှာ အသက် ၁၁ နှစ်အရွယ် ယောက်ျားလေးတစ်ဦး မောင်းနှင်သော Isuzu ပစ်ကပ်ထရပ်ကားတစ်စီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ အဆိုပါကလေးငယ်သည် ဖခင်၏ယာဉ်ကို ခွင့်ပြုချက်မရှိဘဲ ယူဆောင်သွားပြီး ဒွန်တန်မှ မောင်ခရိုင်သို့မောင်းနှင်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
ပစ်ကပ်ထရပ်ကားသည် ရဟန်းအုပ်စုထဲသို့တိုးဝင်ခဲ့ပြီး ရဟန်းအများအပြားကို ဝင်တိုက်မိကာ ဒဏ်ရာရရှိသူများစွာရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ကလေးငယ်အား မောင်းခရိုင်ရဲစခန်းသို့ မေးမြန်းစစ်ဆေးရန် ခေါ်ဆောင်သွားသည်။
Ref: bangkokpost.com
ယနေ့ခေတ်
အသက် ၁၁ နှစ်သား မောင်းနှင်လာသောကားက လမ်းလျှောက်လာသည့် ရဟန်းများကိုဝင်တိုက် ရဟန်းရှစ်ပါး ပျံလွန်တော်မူ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်