အိမ်ဖြူတော်အစည်းအဝေးတွင် အီရန်စစ်ပွဲအတွက် အကူအညီပေးရန် ထရမ့်က ဂျပန်ကို တွန်းအားပေးဖွယ်ရှိ

ဝါရှင်တန်၊ မတ် ၁၉

သမ္မတဒေါ်နယ်ထရမ့်သည် ကြာသပတေးနေ့တွင် ဂျပန်ဝန်ကြီးချုပ်နှင့် အိမ်ဖြူတော်တွေ့ဆုံမည်ဖြစ်ရာ အီရန်စစ်ပွဲအတွက် အကူအညီတောင်းခံဖွယ်ရှိပြီး တိုကျိုက မည်သို့ထောက်ပံ့နိုင်မည်ကို ချိန်ဆနေချိန်တွင် ဆာနေး တာကာအိချိသည် အဆင်မပြေသောအနေအထားတွင်ရှိနိုင်သည်။

အမေရိကန်-အစ္စရေးစစ်ရေးလှုပ်ရှားမှုအပေါ် ဟက်ဟက်ပက်ပက်မရှိမှုအတွက် ထရမ့်သည် မဟာမိတ်များကို ဝေဖန်ခဲ့ပြီး အမေရိကန်သည် မည်သည့်အကူအညီမျှ မလိုအပ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ပဋိပက္ခတွင် အီရန်ကပိတ်ဆို့ထားသော ဟော်မုဇ်ရေလက်ကြားတွင် မိုင်းများရှင်းလင်းရန်နှင့် ရေနံတင်သင်္ဘောများကို လိုက်ပါပို့ဆောင်ရန် မဟာမိတ်များ၏ သင်္ဘောများကို တောင်းဆိုနေဆဲဖြစ်သည်။

ဝါရှင်တန်နှင့် ၎င်း၏အနီးကပ်ဆုံး အရှေ့အာရှမဟာမိတ်အကြား ဆယ်စုနှစ်များစွာကြာ လုံခြုံရေးနှင့် စီးပွားရေး မိတ်ဖက်ဆက်ဆံရေးကို အားဖြည့်ရန်ရည်ရွယ်သည့် အိမ်ဖြူတော်ခရီးစဉ်အတွက် ထရမ့်သည် တာကာအိချိအားလက်ခံတွေ့ ဆုံခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် ဝါရှင်တန်မှချမှတ်ခဲ့သော ငြိမ်းချမ်းရေးအခြေခံဥပဒေမှ ဂျပန်ကိုရုန်းထွက်ရန် တာကာအိချိက ကြိုးပမ်းခဲ့သော်လည်း အီရန်စစ်ပွဲသည် ပြည်တွင်းတွင် လူကြိုက်မများသောကြောင့် ဟော်မုဇ်ရေလက်ကြားကို ရှင်းလင်းရာတွင်ကူညီရန် ယခုအချိန်အထိ မကမ်းလှမ်းသေးပေ။

ဂျာမနီ၊ အီတလီနှင့် စပိန်ကဲ့သို့သော အမေရိကန်မဟာမိတ်များသည် ပင်လယ်ကွေ့မစ်ရှင်တွင်ပါဝင်ရန် ငြင်းဆိုခဲ့ပြီး ထရမ့်အား ဒေါသထွက်စေခဲ့သည်။

ဂျပန်နိုင်ငံသည် အမေရိကန်ထံမှ တရားဝင်တောင်းဆိုမှု မရှိသေးသော်လည်း ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကန့်သတ်ချက်များအတွင်း ဖြစ်နိုင်ချေရှိသောအတိုင်းအတာကို စစ် ဆေးနေကြောင်း တာကာအိချီက တနင်္လာနေ့တွင် ဂျပန်ပါလီမန်အား ပြောကြားခဲ့သည်။

“ဒါဟာ တာကာအိချီအတွက် အလွန်ခက်ခဲတဲ့ ရုတ်တရက် ခရီးစဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်” ဟု အိမ်ဖြူတော်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး ယခုအခါ Asia Group အတိုင်ပင်ခံကုမ္ပဏီတွင် မိတ်ဖက်တစ်ဦးဖြစ်သည့် ခရစ်ဂျွန်စတုန်းက ပြောကြားသည်။

“သူမဟာ သမ္မတရဲ့ တရုတ်နိုင်ငံခရီးစဉ်အပေါ် ချဉ်းကပ်ပုံကို လွှမ်းမိုးနိုင်တဲ့ နောက်ဆုံးအသံဖြစ်ဖို့ မျှော်လင့်နေခဲ့တာပါ။ အဲဒီအစား သူမဟာ အရှေ့အလယ်ပိုင်းမှာ အကူအညီပေးဖို့ ထရမ့်ရဲ့တောင်းဆိုချက်ကိုတုံ့ပြန်တဲ့ ပထမဆုံးမဟာ မိတ်ဖြစ်လာမှာပါ။” ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်က ဂျပန်၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာပြီးနောက် တိုကျိုသို့ သွားရောက်လည်ပတ်စဉ် ထရမ့်သည် တာကာအိချီကို ချီးကျူးဂုဏ်ပြုခဲ့သည်။ ဂျပန်အရာရှိများက ၎င်း၏ခရီးစဉ်မတိုင်မီ ဒေသတွင်းတွင် ရန်လိုသောတရုတ်နိုင်ငံ (အထူးသဖြင့် ထိုင်ဝမ်အပေါ်) ကြောင့်ဖြစ်ပေါ်လာသော အန္တရာယ်များကို အစည်းအဝေးတွင် သတိပေးလိုကြောင်း ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများက ပြီးခဲ့သည့်နှစ်က ထိုင်ဝမ်ကိုထောက်ခံသည့် မှတ်ချက်များသည် ဂျပန်ခေါင်းဆောင်တစ်ဦးအတွက် “သိသာထင်ရှားသော အပြောင်းအလဲ” တစ်ခုကို အမှတ်အသားပြုခဲ့ကြောင်း ပြောကြားခဲ့ပြီး တာကာအိချီအတွက် ပိုမိုကသိကအောက်ဖြစ်စေခဲ့သည်။

တိုကျိုနှင့် ပေကျင်းဆက်ဆံရေးကို ထိုးဆင်းစေခဲ့သည့် သူမ၏ရပ်တည်ချက်သည် ဂျပန်၏ရေရှည်မူဝါဒနှင့် ကိုက်ညီကြောင်း တာကာအိချီက ဆက်လက်ပြောကြားခဲ့သည်။

ထရမ့်နှင့်တွေ့ဆုံရာတွင် တာကာအိချီသည် ပြည်တွင်းဥပဒေနှင့် နိုင်ငံရေးဆိုင်ရာ အန္တရာယ်များကို ရှောင်ရှားရင်း သင်္ဘောများနှင့်ပတ်သက်ပြီး ပြေလည်ရာပြေလည်ကြောင်းအ တွက် နည်းလမ်းရှာဖွေရမည်ဖြစ်သည်။

အီရန်စစ်ပွဲနှင့် ရုရှား၏ ယူကရိန်းစစ်ပွဲကြောင့် ကုန်ဆုံးသွားသော အမေရိကန်လက်နက်ခဲယမ်းများကို အစားထိုးရန် အထောက်အကူဖြစ်စေမည့် ဒုံးကျည်များထုတ်လုပ်ရန် သို့မ ဟုတ် ပူးတွဲထုတ်လုပ်ရန် ထရမ့်က တိုကျိုအားတောင်းဆိုလိမ့်မည်ဟုလည်း မျှော်လင့်ထားသည်။ ဂျပန်အစိုးရသတင်းရင်းမြစ်သုံးခု၏အဆိုအရ တိုကျိုသည် ထိုကဲ့သို့သော တောင်းဆိုမှုကို မည်သို့တုံ့ပြန်ရမည်ကို စဉ်းစားနေဆဲဖြစ်သည်။

ဝါရှင်တန်နှင့်မတူဘဲ၊ တိုကျိုသည် တီဟီရန်နှင့် သံတမန်ဆက်ဆံရေးရှိပြီး စစ်ပွဲကိုအဆုံးသတ်ရန် မည်သည့်လှုပ်ရှားမှုတွင်မဆို သံတမန်ရေးအရ အလားအလာရှိသောလမ်းကြောင်းကို ဖန်တီးပေးသော်လည်း ၂၀၁၉ ခုနှစ်တွင် ဂျပန်၏ တီဟီရန်နှင့် ကြားဝင်စေ့စပ်ရန် ကြိုးပမ်းမှုများ မအောင်မြင်ခဲ့ပါ။

ဂျပန်နိုင်ငံသည် “Golden Dome” ဒုံးကျည်ကာကွယ်ရေး အစီအစဉ်အသစ်တွင်ပါဝင်ရန် ရည်ရွယ်ထားကြောင်း၊ အာကာသမှ ဝင်လာသောခြိမ်းခြောက်မှုများကို ထောက်လှမ်းရန်၊ ခြေရာခံရန်နှင့် တန်ပြန်ရန်ရည်ရွယ်သည့် အဆိုပါအစီအစဉ်အသစ်ကို လမ်းဖွင့်ပေးမည်ဟု တာကာအိချီက ထရမ့်အားပြောကြားမည်ဖြစ်ကြောင်း ဂျပန်အစိုးရသတင်းရင်းမြစ်နှစ်ခုက ပြောကြားသည်။

အီရန်စစ်ပွဲအတွက် အကူအညီပေးရန် ထရမ့်၏တောင်းဆိုချက်များသည် အစည်းအဝေးတွင် မည်သို့ပါဝင်နိုင်သည်ကို မေးမြန်းရာတွင် အိမ်ဖြူတော်အရာရှိတစ်ဦးက ဖြေကြားရန်ငြင်းဆိုခဲ့ပြီး ယင်းအစား ခေါင်းဆောင်နှစ်ဦးသည် ၂၀၂၅ ခုနှစ်က နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့သော ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ကို အကောင်အထည်ဖော်ရန် ဆွေး နွေးမည်ဟု မှတ်ချက်ပြုခဲ့သည်။

“၎င်းတို့သည် စွမ်းအင်၊ လုံခြုံသောထောက်ပံ့ရေးကွင်းဆက်များ၊ ဒေသတွင်းလုံခြုံရေးပြဿနာများနှင့် သိပ္ပံနည်းပညာနှင့် ကာကွယ်ရေးတို့တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတို့ကိုလည်း ဆွေးနွေးကြမည်” ဟု အဆိုပါအရာရှိက ပြောကြားခဲ့သည်။

တာကာအိချီသည် ပြီးခဲ့သည့်နှစ်က အမေရိကန်သမ္မတချမှတ်ခဲ့သော အခွန်ကောက်ခံမှုများမှ ကင်းလွတ်ခွင့်ရရန် ဂျပန်အစိုးရက ကတိပြုထားသော အမေရိကန်ဒေါ်လာ ၅၅၀ ဘီလီယံ ကတိကဝတ်မှ အမေရိကန်ပြည်ထောင်စုရှိ ထရမ့်အတည်ပြုထားသော စီမံကိန်းများတွင် ဂျပန်၏ရင်းနှီးမြှုပ်နှံမှု လှိုင်းသစ်တစ်ခုကို ကြေညာရန် မျှော်လင့်ရသည်။

ဒေါ်လာ ၃၆ ဘီလီယံတန်ဖိုးရှိ စီမံကိန်းသုံးခုကို ကတိပြုပြီးနောက် အရေးကြီးသော သတ္တုဓာတ်များနှင့် စွမ်းအင်ကို လွှမ်းခြုံထားသည့် ၎င်း၏ရင်းနှီးမြှုပ်နှံမှု ဒုတိယအသုတ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဂျပန်သည် ဒေါ်လာ ၆၀ ဘီလီယံခန့် ကတိပြုနိုင်ကြောင်း အစည်းအဝေးအတွက် အစီအစဉ်များနှင့် ရင်းနှီးသူတစ်ဦးက ပြောကြားသည်။

Ref; reuters.com
ယနေ့ခေတ်

အိမ်ဖြူတော်အစည်းအဝေးတွင် အီရန်စစ်ပွဲအတွက် အကူအညီပေးရန် ထရမ့်က ဂျပန်ကို တွန်းအားပေးဖွယ်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.