မန္တလေး၊ ဇွန် ၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၅၄ လမ်းနှင့် ၃၃ လမ်းထောင့်ရှိ The Square တွင် မေလ ၃၁ ရက်၊ ညနေပိုင်းကပြုလုပ်ခဲ့သော Iron Cross အဖွဲ့၏ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ရန်ပုံငွေဂီတဖျော်ဖြေပွဲတွင် ဂစ်တာတစ်လုံး ကျပ်သိန်း ၂၀၀ ဖြင့် လေလံအောင်ခဲ့ကြောင်း သိရသည်။
ငလျင်ဒဏ်သင့်ဒေသတွေ ပြန်လည်ထူထောင်ရေးအတွက် Iron Cross အဖွဲဝင်များ စုပေါင်းလက်မှတ်ရေးထိုးထားသည့် ဟော်လိုဂစ်တာတစ်လက်ကို လေလံတင်ရောင်းချခဲ့ရာ ကျပ်သိန်း ၂၀၀ ဖြင့် လေလံအောင်မြင်ခဲ့ကြောင်း သိရသည်။
“ အခုလေလံပွဲမှာ ငလျင်ဒဏ်သင့်ဒေသ ပြန်လည်ထူထောင်ရေးအတွက် Iron Cross အဖွဲ့ရဲ့ ဟော်လိုဂစ်တာကို လေလံပစ်ရာမှာ ကျပ်သိန်း ၂၀၀ နဲ့ လေလံအောင်ခဲ့တာပါ။ ဒီလေလံအောင်ခဲ့တော့ အတိုင်းမသိ ဝမ်းမြောက်ပီတိဖြစ်ရပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုတွေအတွက် မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းမိပါတယ်” ဟု အဆိုတော်ဝိုင်ဝိုင်းက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ Iron Cross အဖွဲ့၏ ငလျင်ဒဏ်သင့်ဒေသ ပြန်လည်ထူထောင်ရေး ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲတွင် တေးသံရှင် ဝိုင်ဝိုင်း၊ တေးသံရှင် မျိုးကြီးနှင့် တေးသံရှင် ကော်နီတို့က မေတ္တာဖြင့်လာရောက်သီဆိုဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
ငလျင်ဒဏ်သင့်ဒေသ ပြန်လည်ထူထောင်ရေး ရန်ပုံငွေဖျော်ဖြေပွဲအား စီစဉ်သူများ၊ စက်ပစ္စည်း နည်းပညာသမားများ၊ ပွဲနေရာထိုင်ခင်း၊ Presenter တို့က မေတ္တာဖြင့်ကူညီပံ့ပိုးပေးခဲ့ပြီး ရုံဝင်လက်မှတ်ငွေများကို မန္တလေးမြို့ရှိ လူမှုရေးအဖွဲ့အစည်းများသို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်၊ မွန်းတည့် ၁၂ နာရီ ၅၃ မိနစ်က (၇.၇)ပြင်းအားရှိ ငလျင်လှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်များ၊ ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ရှေးဟောင်းသမိုင်းဝင် အဆာက်အဦများစွာ ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
#မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – ဝိုင်ဝိုင်း
#ယနေ့ခေတ်
Iron Cross ရန်ပုံငွေဂီတဖျော်ဖြေပွဲတွင် ဂစ်တာတစ်လုံး ကျပ်သိန်း ၂၀၀ ဖြင့် လေလံအောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်