ရန်ကုန်၊ မေ ၂
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ မြသိန်းတန်ရပ်ကွက်တွင် စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေ ၂ ရက်၊ နံနက် ၉ နာရီကျော်က ဝါးခယ်မမြို့ မြသိန်းတန်ရပ်ကွက်၊ မော်ကျွန်း-ဝါးခယ်မလမ်းပေါ်ရှိ ကောင်းထက်စက်သုံးဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ မီးလောင်ရခြင်း၏အကြောင်းအရင်းကို သက်ဆိုင်ရာမှ စုံးစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“ဝါးခယ်မ တံတားအဆင်းနားက ဆီဆိုင်ပါ။ မီးကဘယ်လိုလောင်တယ်ဆိုတာတော့ ကျွန်တော်သေချာမသိရဘူး။ မီးကတော်တော်လောင်သွားတယ်။ ဆိုင်ဝန်းတစ်ခုလုံးလို့ပြောလို့တယ်။ မီးညွှန့်ကများတော့ အနားမကပ်ရဲကြဘူး။ ပွတ်တိုက်မှုကြောင့်လား ဆီဖြည့်ရင်းနဲ့လောင်တာလား သေချာမသိရဘူး။ ဆီဖြည့်တဲ့ပန့်တွေလည်း အကုန်လောင်သွားတာတွေ့တယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်မှုသည် နံနက် ၉ နာရီ၊ မိနစ် ၃၀ က စတင်လောင်ကျွမ်းခဲ့ပြီး၊ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့များနှင့်အတူ မော်ကျွန်းမီးသတ်တပ်ဖွဲ့၊ ကျုံမငေးနယ်မြေမီးသတ်တပ်ဖွဲ့၊ ရွှေလောင်းနယ်မြေမီးသတ်တပ်တို့နှင့် ပရဟိတအသင်းတို့က ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
ဧပြီ ၂၉ ရက်၊ မနက် ၂ နာရီကျော်ကလည်း ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် မီးကြွင်းမီးကျန်မှတဆင့် နေအိမ်အလုံး ၇၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး၊ မီးဘေးသင့်သူ ၃၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ဧရာဝတီတိုင်းရှိ မြို့နယ်အချို့တွင် မီးလောင်မှုများ မကြာခဏဖြစ်ပေါ်နေကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
ယနေ့ခေတ်
ဝါးခယ်မမြို့တွင် စက်သုံးဆီဆိုင် မီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်