ရန်ကုန်၊ မတ် ၁၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံသုံးဦးသေဆုံးကာ၊ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတ်လ ၁၇ ရက်၊ ၁၂ နာရီကျော်က ဖားကန့်မြို့၊ လုံးခင်းကျေးရွာ၊ (၄) ရပ်ကွက်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသမီးသုံးဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“လက်နက်ကြီးကျတော့ နေအိမ်ကမီးလောင်တယ်။ နေအိမ်ထဲကအမျိုးသမီးတစ်ဦးတော့ မီးလောင်ဒဏ်ရာတွေနဲ့ တစ်စစီဖြစ်ပြီးသေတာလို သိရတယ်။ နောက်ထပ်ဒဏ်ရာရတဲ့ငါးယောက်မှာ နှစ်ယောက်က ဆုံးပြီးလို့သိရတယ်။ ဒီတစ်ခါသေတာ အမျိုးတွေများတယ်ပြောရမယ်။ နေအိမ်လည်း မီးလောင်ပျက်စီးလို့ ကုန်ပြီ။ ဘာမှရစရာမရှိတော့ဘူး။ မီးလောင်တာကို ဒေသခံတွေနဲ့ ကူညီတဲ့အသင်းကနေ ဝိုင်းငြိမ်းကြတယ်။ လက်နက်ကြီးကျရင်တော့ လွတ်ဖို့က မလွယ်ဘူး။ ရင်တမမနဲ့နေရတာပေါ့။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြော သည်။
ယခုရက်ပိုင်းအတွင် ကချင်ပြည်၊ ဖားကန့်မြို့နေရာအချို့တွင် အစိုးရတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများဖြစ်ပေါ်နေပြီး၊ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်နေကြောင်း သိရသည်။
မတ်လ ၈ ရက်၊ နံနက်ပိုင်းမှစ၍ ဖားကန့်မြို့၊ မှော်စီစာ၊ လုံးခင်ကျေးရွာအုပ်စုနှင့် ကုဋေကျေးရွာဘက်တို့တွင် လေကြောင်းတိုက်မှုများကြောင့် စျေးဆိုင်ခန်းနှင့် နေအိမ်အဆောက်အ အုံအချို့ ပျက်စီးခဲ့ပြီး၊ ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့တွင် ယခုရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲကြောင့် ဒဏ်ရာရရှိသူနှင့် သေဆုံးသူများရှိလာခဲ့ကြောင်း သိရသည်။
“ဒီရက်တွေဆို ဖားကန့်နေရာတော်တော်များများမှာ တည်ငြိမ်မှုကမရှိဘူး။ အပြန်အလှန်ပစ်ခတ်နေကြတော့ ကြားထဲကနေ ပြေးလွှားနေရတာ။ သေတာတွေလည်းမနည်းတော့ဘူး။ ထိခိုက်ဒဏ်ရာရတာတွေလည်းများလာပြီ။ ဒီကြားထဲ ရပ်ကွက်တွေထဲကျတဲ့လက်နက်တွေက လူလွတ်ရင်လွတ်။ လူမလွတ်ရင်တော့ ပစ္စည်းတွေဆုံးရှုံးတာများတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း၊ ဖားကန့်မြို့ဆိပ်မှုကြီးကျေးရွာ၊ မရှီကထောင်ရပ်ကွက်နှင့် ထုံးဘိုကျေးရွာတို့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် မိုင်းထိမှန်သူနှင့် လက်ကြီးကျည်ပေါက်ကွဲမှုများကြောင့် ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့မှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အစိုးရတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများဖြစ်ပေါ်ခြင်းကြောင့် ဒေသအတွင်းသေဆုံးသူ ၁၀၀ ကျော်ရှိခဲ့ပြီး၊ ဒဏ်ရာရသူ ၂၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဖားကန့် နှင့် ဒေသခံ
ယနေ့ခေတ်
ဖားကန့်မြို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သုံးဦးသေဆုံး၊ သုံးဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်