ရန်ကုန်၊ မေ ၂၃
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်ရှိ နေရာအချို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မီးသတ်ရုံးအပါအဝင် လူနေအိမ်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပွားနေကြောင်း သိရသည်။
မတ်လ ၂၂ ရက်၊ ညပိုင်းက သီရိမာလာအရှေ့ရပ်ကွက်အတွင်းရှိ နေရာအချို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြောင်းရေလျှံမှုကြောင့် လမ်းများ၊ ရပ်ကွက်ရုံး၊ မီးသတ်ရုံးနှင့် လူနေအိမ်များအတွင်း မိုးရေဝင်ရောက်မှုဖြစ်ပေါ်နေကြောင်း သိရသည်။
“မိုးများပြီး မြောင်းရေလျှံပြီး ရပ်ကွက်အတွင်းရေဝင်တာပါဗျ။ ရပ်ကွက်ကတော့ အနိမ့်ပိုင်းအခြမ်းတွေရေဝင်တာပါ။ ရွှေ့တာပြောင်းတာတော့မရှိပါဘူး။ မဟာအောင်မြေဘက်အ ခြမ်းပေါ့။ ၃၆ လမ်း x ၈၆ လမ်းဘက်မှာ။ အဲဘက်လည်း မိုးရွာတာများပြီးတော့ မြောင်းရေလျှံပြီး ရေဝင်တယ်လို့ သတင်းရပါတယ်ဗျ။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မိုးရွာသွန်းမှု့ကြောင့် ရေဝင်ရောက်မှုဖြစ်ပွားနေသည့် နေရာများကို သီရိမာလာအရှေ့မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များက စစ်ဆေးကြည့်ရှု့ ကူညီပေးနေကြောင်း သိရသည်။
မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်အရ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး၊ ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း မိုး/ဇလမှ ယနေ့ည ၇ နာရီက ထုတ်ပြန်ထားသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-သီရိမာလာအရှေ့ အရန်မီးသတ်တပ်ဖွဲ့ဝင်များ
ယနေ့ခေတ်
မဟာအောင်မြေမြို့နယ်ရှိ နေရာအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်များထဲ ရေဝင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်