ဖားကန့်တွင် မိုးသည်းထန်စွာရွာသွန်းကာ မြေပြိုမှုများဖြစ်ပေါ်

ရန်ကုန်၊ ဇွန် ၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် မိုးသည်းထန်စွာရွာသွန်းကာ မြေပြိုမှုများဖြစ်ပွားနေခြင်းကြောင့် ကားလမ်းများပိတ်ဆို့ကာ ကုန်ကားအချို့တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၁ ရက်က ဖားကန့်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကားမိုင်း-နန့်ယားအကျော် ၉ မိုင်တွင် မြေပြိုမှုများဖြစ်ပေါ်ကာ လမ်းမများပျက်စီးခဲ့ပြီး ကားလမ်းပိတ်ဆို့ခြင်းကြောင့် ကုန်ကားအချို့တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

“ရေက တော်တော်ကြီးသွားတော့ ကားသမားတွေလည်း အတော်ဒုက္ခရောက်တယ်။ ဖားကန့်၊ နန့်ယားနားမှာ သွားလာတဲ့သူတွေပြောတာတော့ ကားလမ်းတွေပျက်စီးတာများတယ်လို့ပြောတယ်။ သွားရတာတွေလည်း ခက်ခဲတယ်။ ကုန်ပစ္စည်းစျေးတွေက အစကတည်းက တက်နေတာဆိုတော့ အခုလို သွားရလာရပါအဆင်မပြေရင် ပိုးဆိုးမှာ။ ကားသေးလေတွေလည်းအတူတူပါပဲ လမ်းပိတ်ရင် ဘယ်ကသွားသွား အဆင်မပြေဘူး။ ဟိုနေ့ကတော့ ကုန်တင်ကားနှစ်စီး ကုန်တွေနဲ့မှောက်သွားတယ်လို့ ကြားမိတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခတ်သို့ ပြောသည်။

မိုးသည်းထန်စွာရွာသွန်းကာ ဥရုချောင်းရေးများဝင်ရောက်ခဲ့သည့် မြေနိမ့်ပိုင်းအချို့တွင် ချောင်းရေ အနည်းငယ်သာကျဆင်းခဲ့ပြီး အိမ်းစီးကားနှင့် ဆိုင်ကယ်များပါ ဖြတ်သန်းသွားရန် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

“ဒီနေ့မနက်ကတော့ ရေကနည်းနည်းလေးကျသေးတယ်။ ဘာမှတော့လုပ်လို့မရသေးဘူး။ ရေကျပြီး မိုးဆက်ရွာနေပြန်လည်း အဆင်မပြေဘူး။ အခုက နေအိမ်တွေထဲ ရေတွေအ ကုန်ဝင်တာ။ လမ်းတွေကလည်း ချောင်းရေတွေကြောင့် ပျက်စီးထားတော့ သွားလာလို့မရသေးဘူး။ ကားရော ဆိုင်ကယ်ရောပဲ။ စားဖို့သောက်ဖို့တွေတောင် လာဝေတဲ့သူတွေရှိလို့။ ထွက်ဝယ်ဖို့ဆိုတာ ဆိုင်တွေလည်း ပိတ်ထားရတယ်။”ဟု မြို့ခံတစ်ဦးက ယနေေ့ခတ်သို့ ပြောသည်။

ထို့အပြင် ဇွန်လ ၂၁ ရက်၊ နံနက်ပိုင်းက ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်တွင် နေအိမ်ပေါ်သို့ မြေပြိုကျကာ အမျိုးသားတစ်ဦးကိုပိမိခဲ့ကြောင်း သိရသည်။

ဇွန်လ ၉ ရက်နေ့မှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် မိုးသည်းထန်စွာရွာသွန်မှုကြောင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၁၈ ရက်နေ့မှစ၍ မိုးကောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန်းကောင်းချောင်းသည် စိုးရိမ်ရေအမှတ်သို့ရောက်ရှိကာ မြေနိမ့်ပိုင်းများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး လူဦးရေသောင်းချီကာ ရေဘေးကြုံတွေ့နေရကြောင်း သိရသည်။

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ကရင်ပြည်နယ်တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည် နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းနေပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ယနေ့နံ နက် ၇ နာရီက မိုး/ဇလမှ ထုတ်ပြန်ထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၀ ပေခန့်ရှိနိုင်ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-CJ (ဖားကန့်မြို့ ရေကြီးရေလျှံမှုများ)
ယနေ့ခေတ်

ဖားကန့်တွင် မိုးသည်းထန်စွာရွာသွန်းကာ မြေပြိုမှုများဖြစ်ပေါ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.