ရန်ကုန်၊ ဇူလိုင် ၂၉
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ဓာတ်တော်ချိုင့် ရေတံခွန်တွင် အမျိုးသမီးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၉ ရက်၊ ညနေ ၃ နာရီခန့်က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၇)၊ အနီးစခန်းရှိ ဓာတ်တော်ချိုင့် ရေတံခွန်တွင် အမျိုးသမီးငယ်တစ်ဦးပြုတ်ကျကာ ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကလေးက ဓာတ်တော်ချိုင့်ရေတံခွန်ကနေ ခြေချော်ပြီးကျတာလို့ သိရတယ်။ အသက်က ၁၆၊ ၁၇ လောက်ပဲရှိဦးမယ်။ မိန်းကလေးပါ။ မိသားစုတွေနဲ့လည်းသိရပြီး ပြောတယ်။ ညနေပိုင်းလောက်ကဖြစ်သွားတာ။ အခုတော့ ရှာဖွေရေးက ပြီးသွားပါပြီ။ ကလေးရုပ်အလောင်းလည်း ပြန်တွေ့ပါတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဓာတ်တော်ချိုင့်တွင် ရေနစ်သေဆုံးသွားသည့် မိန်းကလေး၏ ရုပ်အလောင်းကို နယ်မြေခံမီးသတ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်ခဲ့ပြီး၊ သန္တိသုခလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်နှင့် ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၁ ရက်၊ ညနေ ၆ နာရီခန့်ကလည်း သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ စက်ကန်အမှတ်(၄) (ကန်နီရေကန်) တွင် လူငယ်ခြောက်ဦး ရေဆင်းကူးရာမှ နှစ်ဦးရေနစ်နေသေဆုံးသွားခဲ့ကြောင်း သိရ သည်။
ထို့အပြင် မတ်လ ၁၇ ရက်က၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၂)၊ ရေချမ်းအိုးတောင်ရွာ၊ ဖက်စွပ်ရေကန်အတွင်း ကလေးသုံးဦး ရေဆင်းကစားရာမှ ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-MSDF
ယနေ့ခေတ်
ပြင်ဦးလွင်တွင် အမျိုးသမီးငယ်တစ်ဦး ရေနစ်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်