ပုသိမ်၊ မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ ငုဝါလမ်းတွင် မေ ၂၂ ရက်၊ ညနေ ၅ နာရီ ၄၅ မိနစ်က ပန်းဝါအပ်ချည်ဆိုင်တွင် စျေးဝယ်နေသူ ကျောင်း ဆရာမတစ်ဦး ယာဥ်တိုက်မှုကြောင့် သေဆုံးသွားကြောင်း သိရသည်။
ခြေခံပညာစာသင်ကျောင်းတွင် ကျောင်းအပ်လက်ခံပြီးအပြန် ညနေပိုင်း၌ ပန်းဝါအပ်ချည်ဆိုင်တွင် စျေးဝယ်နေစဉ် အိမ်စီးမော်တော်ယာဥ်တစ်စီးက အရှိန်လွန်ပြီး ဝင်တိုက်မိခြင်းကြောင့် ဆရာမသည် သွေးထွက်လွန်၍ ပုသိမ်ဆေးရုံအရောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ YGN 22/ 6S 3360 ရန်ကုန်လိုင်စင်နဲ့ အိမ်စီးကားတစ်စီးက အရှိန်လွန်ပြီး မော်တော်ဆိုင်ကယ်လေးစီးကို ဝင်တိုက်ခဲ့တယ်။ အဲဒီနောက်မှာ ပန်းဝါအပ်ချည်ဆိုင်ကို ထပ်ပြီးဝင်တိုက်မိသွားတယ်။ အပ်ချည်ဆိုင်ကိုတိုက်တဲ့အချိန်မှာ ကျောင်းဆရာမတစ်ဦးက စျေးဝယ်နေချိန်ဆိုတော့ ဝင်တိုက်ခံရတာပါ။ ယာဥ်တိုက်မှု အရှိန်ပြင်းထန်ပါတယ်။ ဆရာမလဲ သွေးထွက်လွန်ပြီး ပုသိမ်ဆေးရုံအရောက်မှာ သေဆုံးသွားပါတယ်” ဟု ပုသိမ်မြို့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အိမ်စီးယာဥ်သည် အရှိန်လွန်ကာ အခြားမော်တော်ဆိုင်ကယ်လေးစီးကို ဆင့်တိုက်မိပြီးနောက် ပန်းဝါအပ်ချည်ဆိုင်ကို ထပ်ဆင့်ဝင်တိုက်ခဲ့ရာ အပ်ချည်ဆိုင်အတွင်းမှလူများ ထိခိုက်မှုမရှိသော်လည်း စျေးဝယ်သူ ကျောင်းဆရာမတစ်ဦး ကို တိုက်မိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားသည့်ယာဥ်မောင်း ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ယာဥ်ထိန်းတပ်ဖွဲ့က စုံစမ်းစစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ပုသိမ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – ပုသိမ်မြို့နယ်လူမှုကူညီရေးအသင်း
ယနေ့ခေတ်
ပုသိမ်တွင် ယာဥ်တိုက်မှုကြောင့် ကျောင်းဆရာမတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်