ရန်ကုန်၊ မေ ၂၃
ကျောင်းစာသင်ချိန်ပြင်ပတွင်သင်ကြားသည့် ကျူရှင်လခများ ယမန်နှစ်ထက် နှစ်ဆခန့်မြင့်တက်လာကြောင်း ကျောင်းသားမိဘများ၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့်စာသင်နှစ်က ကျူရှင်လခသည် Grade 1 မှ Grade 10 ထိကို ၂၀,၀၀၀ ကျပ်မှ ၈၀,၀၀၀ ကျပ်အထိရှိပြီး Grade 11 နှင့် Grade 12 ကျူရှင်လခသည် တစ်သိန်းခွဲဝန်းကျင်အထိရှိသည်။ ယခုပညာသင်နှစ်တွင် ကျူရှင်လခသည် အနိမ့်ဆုံး ၄၀,၀၀၀ ကျပ်ရှိပြီး အမြင့်ဆုံး ၂၀၀,၀၀၀ ကျပ်အထိမြင့်တက်လာကြောင်း၊ အဆိုပါနှုန်းထားသည် ကျူရှင်အမျိုးအစားလိုက် ဈေးနှုန်းကွာခြားကြောင်း သိရသည်။
“ကျူရှင်လခတွေက အရင်ထက် ပိုများလာတယ်။ ကျူရှင်မထားလို့ကလည်း မရပြန်ဘူး။ ကျောင်းတွေမှာက စာသိပ်မသင်ဘူး။ ကျူရှင်ပဲအားကိုးရတာ။ စီးပွားရေးတွေအဆင်မပြေပေမယ့် ပညာရေးကိုဦးစားပေးပြီး ရှာဖွေနေရတယ်” ဟု Grade 10 ကျောင်းသားမိဘတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ကျောင်းပြင်ပတွင် ဆရာ၊ ဆရာမများ ကျူရှင်သင်ခြင်းကို ဥပဒေအရလုံးဝခွင့်မပြုထားသော်လည်း အများစုသည် စားဝတ်နေရေးအတွက် ကျူရှင်ဖွင့်စားနေကြရသည်။ သို့ရာတွင် ပြင်ပကျူရှင်မတက်နိုင်သည့် ဝင်ငွေနည်းမိသားစုများမှ ကျောင်းသားအချို့သည် ဆရာ၊ ဆရာမများ၏ ခွဲခြားဆက်ဆံခြင်းကို နှစ်စဉ်ကြုံတွေ့ရလေ့ရှိကြောင်း သိရသည်။
ကျူရှင်မသင်ရဆိုသည့် ညွှန်ကြားချက်ကို ၁၉၉၀ ပြည့်နှစ်ကတည်းက ထုတ်ပြန်ထားခြင်းဖြစ်ပြီး အစိုးရအဆက်ဆက်မကိုင်တွယ်နိုင်သည့် ပြသနာဖြစ်နေသည်။
ကျောင်းသား/သူမိဘများသည် ပြောင်းလဲသွားသည့် ပညာရေးစနစ်သစ်ကို လိုက်မီနိုင်ရန် ကလေးများကို ကုန်ကျစရိတ်များပြားသော်လည်း ကျောင်းအပြင် ပြင်ပကျူရှင်ကိုပါထားရခြင်းဖြစ်ကြောင်း သိရသည်။
“ပညာရေးစနစ်က အရင်ကနဲ့မတူတဲ့ စနစ်သစ်ဆိုတော့။ ကိုယ်တိုင်လည်း မသင်ပေးနိုင်ဘူးလေ။ ကလေးတွေ လိုက်မမီမှာလည်း စိုးရတယ်။ အဲဒါကြောင့် ကျူရှင်ကိုပါ အချိန်ပြည့်ထားရတယ်။ ကျူရှင်လခက တိုးတိုးလာတယ်။ ဒါပေမယ်လည်း မတတ်နိုင်ဘူး ထားရတာပဲ။” ဟု ကျောင်းသားမိဘတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
#စုစု
ဓာတ်ပုံ – ယနေ့ခေတ်
#ယနေ့ခေတ်
အခြေခံပညာကျောင်းသားများ၏ ကျူရှင်လခများ နှစ်ဆခန့်မြင့်တက်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်