ရန်ကုန်၊ မေ ၂၉
မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ မျိုးကွဲသစ် ကူးစက်ခံရသူများလာပြီဖြစ်၍ ထပ်ဆောင်းကာကွယ်ဆေးများကို မဖြစ်မနေထိုးရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းလိုက်သည်။
မြန်မာနိုင်ငံတွင် တကျော့ပြန်ကိုဗစ် ၁၉ မျိုးကွဲသစ်ရောဂါပိုးကူးစက်ခံရသူ ၁၀ ဦးထက်မနည်းရှိလာပြီဖြစ်ကြောင်း၊ ထို့ကြောင့် လူစုလူဝေးသို့သွားပါက Mask တပ်ရန်နှင့် ကိုဗစ်ကာကွယ်ဆေးကို မဖြစ်မနေထိုးရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
“ တကျော့ပြန်ကိုဗစ်က ပြန်ဖြစ်လာတာပေါ့။ ကိုဗစ်ကာကွယ်ဆေးထိုးမယ်။ ထိုးပြီးသားသူတွေလည်း ထပ်ဆောင်းကာကွယ်ဆေးထိုးမယ်။ Mask တပ်မယ်။ အပြင်ကပြန်လာရင် လက်ကိုစနစ်တကျဆေးမယ်ဆိုရင် ဘာမှမဖြစ်ဘူးပေါ့။ ကာကွယ်ဆေးမထိုးထားတဲ့သူတွေက ပိုပြီးကူးလွယ်တာပေါ့။ အဲဒါကြောင့် ကိုဗစ်ကာကွယ်ဆေးကို မဖြစ်မနေထိုးဖို့ တိုက်တွန်းချင်တယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ကိုဗစ်မျိုးကွဲရောဂါလက္ခဏာသည် အနံ့အရသာပျောက်ခြင်း ၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ခြေလက်ကိုက်ခဲခြင်း၊ နှာ ရည်ယိုနှာစီးခြင်း၊ ချောင်းဆိုး၊ လည်ချောင်းနာသည့်အပြင် ပျို့အန်ခြင်းနှင့် ဝမ်းလျှောခြင်းများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ်၊ စင်္ကာပူ၊ ဗီယက်နမ် စသည့်နိုင်ငံများတွင် တကျော့ပြန်ကိုဗစ်မျိုးကွဲသစ် JN- 1 နှင့် XEC မျိုးစိတ်ကွဲရောဂါပိုး ကူး စက်ပြန့်ပွားနေကြောင်း WHO က သတိပေးထားသည်။
#စုစု
ဓာတ်ပုံ – ယနေ့ခေတ်
#ယနေ့ခေတ်
ကိုဗစ် ၁၉ မျိုးကွဲသစ် ကူးစက်ခံရသူ မြင့်တက်လာ၍ ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံရန် တိုက်တွန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်