ရန်ကုန်၊ ဇွန် ၁
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံလူဦးရေ ၈၀,၀၀၀ ကျော် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သိရသည်။
ဒီဇင်ဘာလဆန်ပိုင်းမှစ၍ ဗန်းမော်မြို့တွင် KIA ကချင်လွတ်မြောက်ရေးတပ်နှင့် နစကတပ်တို့ တိုက်ပွဲများပြင်ထန်နေခြင်းကြောင့် ဗန်းမော်ရှိဒေသခံ ၈၀,၀၀၀ ကျော် စစ်ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ငလျင်ဒဏ်ကိုပါ ခံစားနေရခြင်းကာ အကူအညီများလိုအပ်နေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
“ဗန်းမော်မှာ စစ်ရှောင်တာ ခန့်မှန်းဆို ရှစ်သောင်းကျော်လောက်ရှိမယ်။ စစ်ဘေးရှောင်တွေက နီးစပ်ရာတွေကိုရွှေ့ပြောင်းနေထိုင်ကြရတယ်။ မန္တလေးနဲ့ ပြင်ဦးလွင်မှာဆို အိမ်ထောင်စု ၁၂၀၀၊ ၁၃၀၀ လောက်ရှိမယ်ဗျ။ လူဦးရေဆို ၄၀၀၀ လောက်ရှိမယ်ဗျ။ သူတို့တွေဆို ငလျင်ဒဏ်ကိုပါခံရတာ။ ဒေသခံတွေမဟုတ်တော့ ငလျင်အတွက်လာလှူကြရင် စစ်ဘေးရှောင်တွေက အကူအညီတွေမရကြဘူး။” ဟု စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မိုးတွင်းကာလဖြစ်သည့်အတွက် ဗန်းမော်မြို့မှစစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ စောင်၊ ခြင်ထောင်များနှင့် ဆေးဝါးများလိုအပ်နေကြောင်း သိရသည်။
“အခုက မိုးရာသီထဲရောက်ပြီဆိုတော့လေ နေရာထိုင်ခင်းတွေ၊ စားနပ်ရိက္ခာရယ်၊ တစ်ကိုယ်ရည်သုံးပစ္စည်းတွေရယ်၊ ဆေးဝါးတွေရယ်၊ စောင်၊ ခြင်ထောင်၊ ဖျာတွေက အရေပေါ်လိုအပ်နေတာပေါ့နော်။ စစ်ရှောင်လာကြတာဆိုတော့ အိမ်ကနေအကုန်လုံးလည်း မသယ်လာနိုင်ကြဘူး။ ကိုယ်နိုင်သလောက်ပဲ ယူလာကြရတာ။” ဟု စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါစစ်ဘေးရှောင်များသည် စစ်ဘေးအပြင် ငလျင်ဘေးကိုပါကြုံတွေ့နေရပြီး နေရာထိုင်ခင်းအခက်အခဲများလည်းရှိနေကြောင်း သိရသည်။
ဗန်းမော်မြို့တွင် KIA ကချင်လွတ်မြောက်ရေးတပ်နှင့် နစကတပ်တို့ ၆ လကြာ တိုက်ပွဲများပြင်ထန်နေခြင်းကြောင့် ဗန်းမော်မြို့ရှိ စားသင်ကျောင်းများလည်း ပိတ်ထားရပြီး၊ ကျောင်း သားကျောင်သူများ ကျောင်းပြောင်းတက်ရန် စာရွက်စာတန်းများလိုအပ်နေ၍ အခက်အခဲများလည်းရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူလူဦးရေ ၃ ဒသမ ၅ သန်းခန့်ရှိကြောင်း UN OCHA Myanmar ၏ထုတ်ပြန်ချက်အရ သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ- သုညသုခ
#ယနေ့ခေတ်
ဗန်းမော်တွင် နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၈၀,၀၀၀ ကျော် အကူအညီများလိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်