ကိုင်ရို၊ ဇွန် ၁၂
ဂါဇာကမ်းမြောင်ဒေသတွင် ဇွန် ၁၁ ရက်နေ့က အစ္စရေး၏ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း အနည်းဆုံး ၆၀ ဦးသေဆုံးခဲ့ကြောင်း၊ ၎င်းတို့အနက်အများစုမှာ ဂါဇာကမ်းမြောင်အလယ်ဗဟိုရှိ အမေရိကန်နှင့် အစ္စရေးကျောထောက်နောက်ခံပြု ဂါဇာလူသားချင်းစာနာမှုဖောင်ဒေးရှင်း၏ အကူအညီပေးရေးနေရာအနီးတွင်ဖြစ်ကြောင်း ဒေသဆိုင်ရာကျန်းမာရေးတာဝန်ရှိသူများက ပြောကြားသည်။
ဇွန် ၁၂ ရက်၊ အရုဏ်မတက်မီအချိန်က ဂျူးအခြေချနေထိုင်ရာ Netzarim ရှိ အစားအသောက်ဖြန့်ဖြူးရေးစင်တာ အနီးတွင် ပါလက်စတိုင်း ၂၅ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်များစွာဒဏ်ရာရရှိခဲ့ကြောင်း Shifa နှင့် Al-Quds ဆေးရုံများမှ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများက ပြောကြားသည်။
ယမန်နေ့ညက Netzarim စင်္ကြန်ဧရိယာရှိ တပ်ဖွဲ့ဝင်များကို ခြိမ်းခြောက်သည်ဟု သံသယရှိသူတစ်စုကို သတိပေးပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားသည်။
“ဒီနယ်မြေဟာ တိုက်ပွဲဝင်နယ်မြေတစ်ခုလို့ IDF က သတိပေးထားတာပါ။ ထိခိုက်ဒဏ်ရာရသူတွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေရဲ့ အသေးစိတ်အချက်အလက်တွေကို ပြန်လည်သုံးသပ်နေပါတယ်” ဟု အစ္စရေးစစ်တပ်က ဆိုသည်။
ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် ဂါဇာကမ်းမြှောင်တောင်ပိုင်း၊ ရာဖာရှိ ဂါဇာလူသားချင်းစာနာမှုဖောင်ဒေးရှင်းအနီးကို အစ္စရေး၏ပစ်ခတ်မှုကြောင့် အနည်းဆုံးလူ ၁၄ ဦးသေဆုံးခဲ့ကြောင်း ခန်ယူနွတ်ရှိ နတ်ဆာဆေးရုံမှ ကျန်းမာရေးအရာရှိများက ပြောကြားသည်။
ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ဂါဇာလူသားချင်းစာနာမှုဖောင်ဒေးရှင်း၏ အစားအစာဖြန့်ချီရေးနေရာအနီးတွင် အစ္စရေးစစ်တပ်က ပါလက်စတိုင်းများကို တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးကို တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ဟားမတ်စ်ငါးဦးသေဆုံးခဲ့သည်ဟု ဖောင်ဒေးရှင်းသည်က စွပ်စွဲခဲ့သည်။
“ဂါဇာကမ်းမြောင်ဒေသက ပြည်သူတွေကို အရေးကြီးတဲ့အကူအညီတွေပေးအပ်ဖို့ ကျွန်တော်တို့ရဲ့တာဝန်ကို ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ဂါဇာလူသားချင်းစာနာမှုဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အရပ်သားများနှင့်ပတ်သက်သည့် ဗုဒ္ဓဟူးနေ့က အဖြစ်အပျက်များကို သတိမပြုမိကြောင်း ဖောင်ဒေးရှင်းက အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း ဘေးကင်းလုံခြုံသော လမ်းကြောင်းများကိုထိန်းသိမ်းရန် အစ္စရေးအာဏာပိုင်များနှင့် အနီးကပ်လုပ်ဆောင်နေကြောင်း၊ ပါလက်စတိုင်းများအတွက် အနီးကပ်ညွှန်ကြားချက်များကို လိုက်နာရန်အရေးကြီးကြောင်း ဖောင်ဒေးရှင်းက အစောပိုင်းတွင်ပြောကြားသည်။
“ဂါဇာကမ်းမြောင်ဒေသမှာ အစားအစာလိုအပ်နေတဲ့လူတိုင်းကို ကျွေးမွေးဖို့ အလုံအလောက်မရှိသေးပါဘူး။ ကျွန်ုပ်တို့ရဲ့ လက်ရှိအာရုံစူးစိုက်မှုက မတည်မငြိမ်ဖြစ်နေတဲ့ပတ်ဝန်း ကျင်မှာ ကန့်သတ်ချက်တွေကြားထဲက လူတွေကို ဘေးကင်းစွာနဲ့ တတ်နိုင်သမျှများများကျွေးမွေးဖို့ပါပဲ။” ဟု ဖောင်ဒေးရှင်းက ပြောကြားသည်
မေလနှောင်းပိုင်း လုပ်ငန်းစတင်လည်ပတ်မှုချိန်မှစ၍ အစားအစာအရေအတွက် ၁၆ သန်းကျော်ဖြန့်ဝေပေးခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့တွင်ဖြန့်ဝေခဲ့သည့် အရေအတွက် ၂.၅ သန်းသည် တစ်ရက်တာအတွင်း အများဆုံးထောက်ပံ့မှုဖြစ်ကြောင်း ဖောင်ဒေးရှင်းက ပြောကြားသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် ဟားမတ်စ်၏ ရုတ်တရက်တိုက်ခိုက်မှုအတွင်း အစ္စရေး ၁၂၀၀ သေဆုံးခဲ့ပြီး၊ ဓားစာခံ ၂၅၁ ဦးကိုဖမ်းဆီးခဲ့ရာ အများစုမှာ အရပ်သားများဖြစ်သည်။ ထို့နောက် အစ္စရေး၏ တန်ပြန်စစ်ရေးတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၅၅,၀၀၀ နီးပါးသေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း သိရသည်။
Ref: CNA
#ယနေ့ခေတ်
ဂါဇာတွင် အစ္စရေး၏ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၆၀ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်