ရန်ကုန်၊ ဇွန် ၁၅
ရွှေဈေးမြင့်တက်လာသည့်အတွက် ရွှေကုန်သည်အချို့ စစ်ဆေးမေးမြန်းခံနေရပြီး ပြင်ပဈေးကွက်တွင်လည်း အရောင်းအဝယ်ပိတ်ထားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ကမ္ဘာ့ရွှေဈေးမြင့်တက်လာ၍ ပြည်တွင်းရွှေဈေးနှုန်းသည်လည်း လိုက်ပါမြင့်တက်လာရာမှ ရွှေတစ်ကျပ်သား သိန်း ၈၀ နီးပါးအထိ မြင့်တက်လာကြောင်း သိရသည်။
ထို့ကြောင့် ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ဈေးကစားသည့် ရွှေကုန်သည်အချို့ကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးမေးမြန်းနေကြောင်း သိရသည်။
“ဇွန် ၁၃ ရက်လောက်က ခေါ်ယူစစ်ဆေးနေတာပေါ့။ ရွှေဈေးမြင့်တက်လာရင် သူတို့ကဒီလိုပဲ ရွှေကုန်သည်တွေကို ခေါ်မေးကြတယ်။ အခုတော့ ဈေးကွက်ထဲမှာ အရောင်းအဝယ်ခဏရပ်ထားတယ်။ အရောင်းပိုများနေတယ်” ဟု ပြင်ပရွှေဈေးကွက်အတွင်းမှ ရွှေကုန်သည်တစ်ဦးက ပြောသည်။
ရွှေဈေးမြင့်တက်ချိန်တွင် ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများရှိနိုင်ခြင်းကြောင့် ရွှေဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချရန်၊ လိုင်စင်မဖြစ်မနေပြုလုပ်ရန် သတိပေးထားမှုများရှိနေသည်။
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းရွှေဈေးမှာ အခေါက်ရွှေတစ်ကျပ်သား ၅၈ သိန်း ၅ သောင်းကျပ်ဖြစ်သည်။
လက်ရှိပြည်တွင်းရွှေဈေးနှုန်းမှာ အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သား သိန်း ၈၀ နီးပါးအထိမြင့်တက်နေပြီး ဈေးကွက်တွင် ဝယ်ယူသူနည်းပြီး ပြန်ရောင်းချသူများပြားနေကြောင်း သိရသည်။
#စုစု
#ယနေ့ခေတ်
ရွှေကုန်သည်များ စစ်ဆေးမေးမြန်းခံနေရခြင်းကြောင့် ရွှေအရောင်းအဝယ်ပိတ်ထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်