ILO နှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ပြောကြား

ရန်ကုန်၊ ဇွန် ၁၇

ILO အပါအဝင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရကိုယ်စားလှယ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သဘော ထားတစ်ရပ် ထုတ်ပြန်သည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က မြန်မာနိုင်ငံအပေါ် ILO Constitution Article 33 ကျင့်သုံးမှုအစီအမံများဖြင့်စောင့်ကြည့်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းနှင့်ပတ်သက်၍ ဇွန် ၁၃ ရက်တွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ CMP လုပ်ငန်းကဏ္ဍတွင် အထည်ချုပ်လုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်း၊ ဖိနပ်လုပ်ငန်းနှင့် လျှပ်စစ်ပစ္စည်းတပ်ဆင်ခြင်းလုပ်ငန်း စသည့်လုပ်ငန်းများပါဝင်ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

၎င်းလုပ်ငန်းစက်ရုံများသည် ကုန်ကြမ်းပေး၊ ကုန်ချောယူ (CMP လက်ခစား) စနစ်ဖြင့် လုပ်ကိုင်ကြခြင်းဖြစ်ပြီး CMP လက်ခစားစနစ်မှာ လုပ်ငန်းအပ်နှံသူနှင့် နိုင်ငံတကာကုန်အ မှတ်တံဆိပ်(Brand)က ကုန်ကြမ်းပစ္စည်းများ၊ လိုအပ်သည့်ဆက်စပ်ပစ္စည်းများအားလုံးကို ဝယ်ယူပေးပို့၍ (CMP) စက်ရုံတွင်ထုတ်လုပ်ပြီး ကုန်ချောပစ္စည်းကို လုပ်ငန်းအပ်နှံသူနှင့် နိုင်ငံတကာကုန်အမှတ်တံဆိပ်၏ ညွှန်ကြားချက်အတိုင်း သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်တင်ပို့ရသော လုပ်ငန်းဖြစ်သည်။

CMP လုပ်ငန်းတွင် စက်ရုံဘက်မှရသော လက်ခစားတန်ဖိုးမှာ ကုန်သွယ်မှုတန်ဖိုး၏ ပျမ်းမျှ ၁၀ ရာခိုင်နှုန်းခန့်ဖြစ် ပြီး CMP စက်ရုံများတွင် စုစုပေါင်းအလုပ်သမားဦးရေ ၇၀၀,၀၀ဝ ဝန်းကျင်နှင့် ဆက်စပ်လုပ်ငန်းများတွင် အဆိုပါအလုပ်သမားဦးရေ၏ ၂ ဆဝန်းကျင် လုပ်ကိုင်လျက်ရှိပြီး ၎င်းတို့အပေါ် မှီခိုနေသူ မိသားဝင်ဦးရေမှာ ၄ ဆဝန်းကျင်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“ILO ရဲ့ဆုံးဖြတ်ချက်က အလုပ်သမားတွေအပေါ် အများကြီးထိခိုက်တာပေါ့။ ILO က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ကို အလုပ်သမားတွေက သိချင်မှသိလိမ့်မယ်။ နောက်ဆက်တွဲအကျိုးဆက်က သူတို့အပေါ်သက်ရောက်တယ်။ တကယ်ဆိုမလုပ်သင့်ဘူး။ ပြည်ပက အလုပ်သမားအရေးအကျိုးအတွက် လှုပ်ရှားသူတွေကိုမေးချင်တာက ဘာများအကျိုးရှိသွားလို့လဲ။ အလုပ်သမားတွေအတွက် ထည့်မစဉ်းစားကြတာလား။ ကိုယ်ကျိုးအတွက်ပဲ မကြည့်ကြနဲ့လို့ ပြောချင်ပါတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

သက်ဆိုင်ရာ နိုင်ငံတကာဈေးကွက်များမှ လုပ်ငန်းအပ်နှံသူနှင့် ကုန်အမှတ်တံဆိပ်များသည် ၎င်းတို့သတ်မှတ်ပြဌာန်းသည့် လုပ်ငန်းဆိုင်ရာကျင့်ဝတ်စည်းကမ်းများကို CMP စက်ရုံများက တိကျသေချာစွာလိုက်နာနိုင်မှသာ အလုပ်အပ်နှံကြခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) တွင် အသင်းဝင်စက်ရုံ ပေါင်း ၅၂၃ ရုံရှိသည့်အနက် ၆၀ ရာခိုင်နှုန်းခန့်မှာ ဥရောပသမဂ္ဂဈေးကွက်သို့လည်းကောင်း၊ ၂၀ ရာခိုင်နှုန်းခန့်မှာ ဂျပန်ဈေးကွက်နှင့် ကျန် ၂၀ ရာခိုင်နှုန်းခန့်မှာ အခြားဈေးကွက်များသို့လည်းကောင်း တင်ပို့နေကြောင်း သိရသည်။

#စုစု

#ယနေ့ခေတ်

ILO နှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.