ရန်ကုန်၊ ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ကနောင်မင်းသားကြီးလမ်း၊ အထက(၃) ကျောင်းအနီးတွင် ဇွန် ၂၅ ရက်၊ နံနက် ၈ နာရီက ဝိုင်ဘီအက်စ်(၃၄)သည် အရှိန်ထိန်းနိုင်ဘဲ ကားနှစ်စီးနှင့် ဘေးတွဲဆိုင်ကယ်အား ဝင်တိုက်မိပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဝိုင်ဘီအက်စ်(၃၄)သည် အရှိန်မထိန်းနိုင်ဘဲ အိမ်စီးကားတစ်စီး၊ တက္ကစီကားတစ်စီးနှင့် ဘေးတွဲဆိုင်ကယ်တို့အား ဆင့်တိုက်မိပြီး ဘေးတွဲဆိုင်ကယ်မောင်းသူ နေရာ၌သေဆုံးခဲ့ကြောင်း သိရသည်။
“ ကျောင်းသူ/ကျောင်းသားတွေကို ပို့ပေးနေတဲ့ ဘေးတွဲဆိုင်ကယ်သမား နေရာမှာပဲ သေဆုံးသွားပါတယ်။ ကားသုံး စီးဆင့်တိုက်မိတာကြောင့် ဘေးတွဲဆိုင်ကယ်မောင်းသူ နေရာမှာပဲသေဆုံးသွားတာပါ။ ကားတိုက်မှုက အရှိန်ပြင်းပါတယ်။ ကလေးတွေ ကျောင်းတက်နေချိန်မှာ ကျောင်းပတ်ဝန်းကျင်အနီးမှာ အခုလိုဖြစ်တာ ကလေးတွေအတွက် ပိုတောင်စိတ်ပူမိပါတယ်” ဟု ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ကနောင်မင်းသားကြီးလမ်းနေ ကျောင်းသားမိခင်တစ် ဦးက ယနေ့ခေတ်သို့ ပြောသည်။
ကနောင်မင်းသားကြီးလမ်း၊ အထက(၃)ကျောင်းအနီးတွင် ဝိုင်ဘီအက်စ်(၃၄)က ဆန့်ကျင်ဘက်ယာဉ်ကြောပေါ်ရှိ ကားနှစ်စီးနှင့် ဘေးတွဲဆိုင်ကယ်တို့အား အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကနောင်မင်းသား ကြီးလမ်းတွင် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပေါ်လျက်ရှိနေကြောင်း သိရသည်။
#မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
#ယနေ့ခေတ်
ဒဂုံမြို့ဆိပ်ကမ်းမြို့နယ်တွင် ဝိုင်ဘီအက်စ်က ကားနှစ်စီးနှင့် ဘေးတွဲဆိုင်ကယ်အားဝင်တိုက် အမျိုးသားတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်