ပို့ကုန်ရငွေဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီ ၁၉၀ ကျော်ကို အမည်မည်းစာရင်းသွင်း

ရန်ကုန်၊ ဇူလိုင် ၁

ပြည်ပသို့ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီ ၁၉၀ ကျော်ကို ဗဟိုဘဏ်က ဇွန်လ ၃၀ ရက်နေ့စွဲဖြင့် အမည်မည်းစာရင်းသွင်းကြောင်း ကြေညာ ထားသည်။

အဆိုပါကုမ္ပဏီ ၁၉၀ ကျော်ကို ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာတို့ပါ သတ်မှတ်ချက်များအား လိုက်နာခြင်းမရှိသဖြင့် ကုမ္ပဏီနှင့် ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်းထည့်သွင်းခြင်းဖြစ်သည်ဟု ဆိုသည်။

၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ၎င်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက်ပြန်လည်ထည့်သွင်းစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဆက်သွယ်ခေါ်ယူ စာရင်းရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ သို့သော် ဖော်ပြပါကုမ္ပဏီ ၁၉၀ ကျော်သည် လိုက်နာခြင်းမရှိကြောင်း သိရသည်။

“သူတို့အမည်မည်းစာရင်းသွင်းတာလည်း သွင်းတာပေါ့။ အဲဒီလူတွေကရော ရှိသေးလို့လား။ တချို့ဆိုမရှိတော့ဘူး။ ဘယ်သူမှပြန်မသွင်းနိုင်ဘူး။ ပို့ကုန်ကလည်း အရင်လောက်မပို့ရဘူး။ တိုးလာတာမရှိဘူး အလျော့ပဲ။ အဲဒီတော့ အ ဆင်မပြေကြဘူးလေ။ တစ်ဖက်ကလည်း ပို့ကုန်ရငွေပြန်ဝင်ဖို့ ဖိအားပေးကောင်းပေးနိုင်တယ်” ဟု ပို့ကုန်လုပ်ငန်း ရှင်တစ်ဦးက ပြောသည်။

ပို့ကုန်တင်ပို့ရာတွင် အာရှနိုင်ငံများသို့တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ရက် ၃၀ အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ရက် ၆၀ အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက်ထည့်သွင်းရန် သတ်မှတ်ပြဌာန်းထားပြီးဖြစ်ကြောင်း သိရသည်။

ပို့ကုန်တင်ပို့သူများအနေဖြင့် သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ၎င်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့်ထည့်သွင်းရန် ပျက်ကွက်ပါက ထိုသူကို တစ်နှစ်ထက်မပိုသည့်ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – Myanmar Port Authority

#ယနေ့ခေတ်

ပို့ကုန်ရငွေဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီ ၁၉၀ ကျော်ကို အမည်မည်းစာရင်းသွင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.