ရန်ကုန်၊ ဇူလိုင် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် လူဦးရေ ၁၀၀ နီးပါး စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။
ဇွန်လ ၂၃ ရက်နေ့မှစ၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့တွင် နစကတပ်နှင့် TNLA တပ်ဖွဲ့တို့အကြား တိုက်ပွဲများပြင်းထန်နေပြီး ကျောက်မဲမြို့ပေါ်သို့ လေကြောင်းတိုက် ခိုက်မှုများရှိနေခြင်းကြောင့် ဒေသခံ ၁၀၀ နီးပါး စစ်ဘေးလွတ်ရာသို တိမ်းရှောင်နေရကြောင်း သိရသည်။
အဆိုပါနှစ်ဖက်တိုက်ပွဲကြောင့် ကျောက်မဲမြိုရှိနေရာအချို့ကို တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ဖြစ်ပေါ်ခဲ့ရာ ကျောက်မဲမြို့ရှိသေခံအချို့ ဘေးလွတ်ရာသို့တိမ်ရှောင်နေရကြောင်း သိရသည်။
“မနေ့ကစပြီး အကြိမ်ရေများတယ်။ တစ်ပတ်အတွင်းသုံးကြိမ်ဆိုတော့ အလုံးရေလည်းများတော့ စပြီးစစ်ရှောင်သွားတာ။ ကျောက်မဲမြို့ရဲ့လူဦးရေနဲ့ဆို ၁၀၀ နီးပါးလောက်တော့ရှိမယ်။ နောင်ပိန်ဘက်ကို စပြီးရှောင်တယ်လို့တော့ကြားတယ်။ နောင်ချိုတိုက်ပွဲနဲ့က ဆက်စပ်မှုကရှိနေတော့ နောင်ချိုကျရင် ကျောက်မဲရမှာပေါ့။ ကျောက်မဲနဲ့ နောင်ချိုကနီးတယ်။ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေစိပ်လာတော့ မြို့ခံလူတွေရဲ့ နေအိမ်တွေထိခိုက်၊ လူတွေသေတာဆိုတော့ လေယာဉ်သံကြားရင်ကို မနေရဲဘူး။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဇွန်လ ၂၉ ရက်၊ နေ့လည်ပိုင်းက၊ ကျောက်မဲမြို့(၁)ရပ်ကွက်၊ ပင်လုံလမ်း၊ ကမ္ဘောဇရှမ်းကျောင်းအနီးတွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပေါ်ခြင်းကြောင့် ဒေသခံအမျိုး သားနှစ်ဦးနှင့် အမျိုးသမီးသုံးဦးထိမှန်ကာ ဒဏ်ရာများရရှိခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့ကြောင်း သိရသည်။
“အခုတော့ ဒဏ်ရာရတာငါးယောက်လို့ သိရတယ်။ နေအိမ်ပျက်စီးတာတွေလည်းများတယ်။ လေကြောင်းတိုက် ခိုက်မှုက ဒီနေ့နဲ့ဆို သုံးကြိမ်ရှိပြီ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျောက်မဲမြို့၊ ပင်လုံလမ်းမပေါ်ရှိနေအိမ်များ၊ သျှမ်းကျောင်းကြီးစာသင်ကျောင်းနှင့် သိမ်ကျောင်းတို့ကိုထိမှန်ကာ ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းများ သိရသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် TNLA က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များကို သိမ်းပိုက်ခဲ့သည်။
ပြီးခဲ့သည့် ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်နေ့က တရုတ်နိုင်ငံ၏အစီအစဉ်အရ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် နစကကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် PSLF/ TNLA ကိုယ်စားလှယ်များ ကူမင်းမြို့တွင်တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် နစကဘက်မှလက်လွတ်ခဲ့ရသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များကို ပြန်လည်ပေးအပ်ရန်တောင်းဆိုမှုမှာ ပြေလည်မှုမရရှိခဲ့ဘဲ ဆွေးနွေးပွဲမအောင်မြင်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ထို့နောက် ဇွန်လ ၂၃ ရက်နေ့မှစ၍ အဆိုပါမြို့များကို ပြန်လည်သိမ်းယူရေး နှစ်ဘက်တိုက်ပွဲများ ပြင်းထန်လာခဲ့ကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ- ဒေသခံတစ်ဦး
#ယနေ့ခေတ်
ကျောက်မဲမြို့တွင် ဒေသခံအချို့ စစ်ဘေးရှောင်နေရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်