အမေရိကန်၏ ဂါဇာအပစ်အခတ်ရပ်စဲရေး အစီအစဉ်အပေါ် အပြုသဘောဆောင်တုံ့ပြန်ခဲ့ကြောင်း ဟားမတ်စ်ဆို

ဂါဇာ၊ ဇူလိုင် ၅

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများလွှတ်ပေးရေး သဘောတူညီချက်သစ်အတွက် နောက်ဆုံးအဆိုပြုချက်အပေါ် ဖျန်ဖြေသူများကို အပြုသဘော ဆောင်သော တုံ့ပြန်မှုတစ်ရပ်ကို  ပေးအပ်ခဲ့ကြောင်း ဟားမတ်စ်က ပြောကြားသည်။

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့သည် “စေ့စပ်ညှိနှိုင်းရေးအစည်းအဝေးသို့ ချက်ချင်းဝင်ရောက်ရန် အလေးအနက် အဆင်သင့်ဖြစ်နေပြီ” ဟု သောကြာနေ့ညတွင် ပြောကြားခဲ့သော်လည်း စည်းမျဉ်းစည်းကမ်းများကို လက်ခံခြင်းရှိ/မရှိ အတည်မပြုနိုင်သေးပေ။

အမေရိကန်ကျောထောက်နောက်ခံပြုထားသော အကူအညီပေးရေးစနစ်ကို ရပ်တန့်ရန်နှင့် စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးပွဲများ မအောင်မြင်ပါက စစ်ပွဲပြန်လည်စတင်ခြင်းမပြုရန်စသည်ဖြင့် ဟားမတ်စ်က အပြောင်းအလဲအချို့ တောင်းဆိုခဲ့ကြောင်း ပါလက်စတိုင်းအကြီးတန်းအရာရှိတစ်ဦးက BBC သို့ ပြောကြားသည်။

အစ္စရေးအစိုးရက မှတ်ချက်ပေးရန်ငြင်းဆိုသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အစီရင်ခံချက်မရရှိခဲ့သေးသော်လည်း ဟားမတ်စ်က အပြုသဘောဖြင့်တုံ့ပြန်ခဲ့သည်မှာ ကောင်းသည်ဟု ပြောကြားသည်။

“နောက်အပတ်အတွင်း ဂါဇာကမ်းမြောင်ဒေသမှာ သဘောတူညီချက်တစ်ခုရှိနိုင်တယ်” ဟု Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များအား ပြောကြားသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု လာမည့်သီတင်းပတ်တွင် အိမ်ဖြူတော်သို့ လာရောက်လည်ပတ်သည့်အခါ အပြုသဘောဆောင်သည့်သတင်းများကို ကြေညာရန် သမ္မတက စိတ်အားထက်သန်နေခြင်းဖြစ်ကြောင်း သိရသည်။

ရက် ၆၀ ကြာ အပစ်အခတ်ရပ်စဲရေးအတွက် လိုအပ်သောအခြေအနေများကို အစ္စရေးကလက်ခံခဲ့ကြောင်း အင်္ဂါနေ့တွင် ထရမ့်ကပြောကြားခဲ့ပြီး ယင်းကာလအတွင်း သက်ဆိုင်သူများက စစ်ပွဲကိုအဆုံးသတ်ရန် လုပ်ဆောင်သွားရမည်ဖြစ်သည်။

အဆိုပါအစီအစဉ်တွင် ဟားမတ်စ်မှ အသက်ရှင်လျက်ရှိသော အစ္စရေးဓားစာခံ ၁၀ ဦးကို ပြန်လည်လွှတ်ပေးရန်နှင့် အစ္စရေးအကျဉ်းထောင်များတွင် ထိန်းသိမ်းထားသည့် ပါလက်စတိုင်းအကျဉ်းသားများနှင့် လဲလှယ်ရန်အတွက် အခြားဓားစာခံ ၁၈ ဦး၏ ရုပ်အလောင်းများပါဝင်သည်။

ဂါဇာတွင် ဓားစာခံ ၅၀ ဦးကို ဖမ်းဆီးထားဆဲဖြစ်ပြီး ၎င်းတို့အနက် အနည်းဆုံး ၂၀ မှာ အသက်ရှင်လျက်ရှိသည်ဟု ယုံကြည်ရသည်။

ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပါဝင်မှုနှင့်အတူ လုံလောက်သောအကူအညီပမာဏသည် ဂါဇာကမ်းမြောင်သို့ ချက်ခြင်းဝင်ရောက်မည်ဟု အဆိုပြုချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂနှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များက အကူအညီများ သီးသန့်ခွဲဝေပေးရန် ဟားမတ်စ်ကတောင်းဆိုနေပြီး အစ္စရေးနှင့် အမေရိကန်ကျောထောက်နောက်ခံပြု ဂါဇာလူ သားချင်းစာနာထောက်ထားမှု ဖောင်ဒေးရှင်း(GHF) တို့ကလုပ်ဆောင်သည့် အငြင်းပွားဖွယ်ရာ အကူအညီဖြန့်ဖြူးရေးစနစ်ကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုကြောင်း ပါလက်စ တိုင်းအရာရှိက ပြောကြားသည်။

ဟားမတ်စ်တို့တောင်းဆိုသည့် နောက်ထပ်ပြင်ဆင်ချက်မှာ အစ္စရေးတပ်များ ဆုတ်ခွာခြင်းနှင့်ပတ်သက်၍ဖြစ်ကြောင်း ပါလက်စတိုင်းအရာရှိတစ်ဦးက ပြောကြားသည်။

အမေရိကန်၏အဆိုပြုချက်တွင် အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသမှ အဆင့်ဆင့်ဆုတ်ခွာမှုများပါဝင်မည်ဟု ယူဆရသည်။ သို့သော် အစ္စရေးက မတ်လတွင် ၎င်း၏ ထိုးစစ်ကို ပြန်လည်စတင်သည့် နောက်ဆုံးအပစ်အခတ်ရပ်စဲရေး မပြိုကွဲမီက ၎င်းတို့ပိုင်ဆိုင်သည့်နေရာများသို့ ပြန်သွားရန် ဟားမတ်စ်အလိုရှိသည်ဟု အရာရှိတစ်ဦးက ပြောကြားသည်။

Ref: BBC

#ယနေ့ခေတ်

အမေရိကန်၏ ဂါဇာအပစ်အခတ်ရပ်စဲရေး အစီအစဉ်အပေါ် အပြုသဘောဆောင်တုံ့ပြန်ခဲ့ကြောင်း ဟားမတ်စ်ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.