ရုရှားနိုင်ငံအနီး ပြင်းထန်သောငလျင်လှုပ်ခတ် ဂျပန်နိုင်ငံက ပစိဖိတ်သမုဒ္ဒရာအတွင်း ဆူနာမီသတိပေးချက် ထုတ်ပြန်

စင်ကာပူ၊ ဇူလိုင် ၃၀

ရုရှားနိုင်ငံအရှေ့ဘက်စွန်းတွင် ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့က ပြင်းအား ၈ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဂျပန်၊ ဟာဝိုင်အီ၊ ရုရှားနှင့် အီကွေဒေါအပါအဝင် ကယ်လီဖိုးနီးယားကမ်းရိုးတန်းတလျှောက် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

ရုရှားနိုင်ငံ၊ ကမ်ချက်ကာကျွန်းဆွယ်တွင် လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ဂျပန်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်အများစုကို ဆူနာမီသတိပေးချက်များနှင့် ဘေးကင်းရာသို့ရွှေ့ပြောင်းရန် သတိပေးမှုများ ပြုလုပ်ခဲ့သည်။

ဂျပန်မိုးလေဝသအေဂျင်စီက ဟော့ကိုင်းဒိုးအရှေ့ဘက်ကမ်းရိုးတန်းတွင် ၃၀ စင်တီမီတာခန့်ရှိ ဆူနာမီလှိုင်းလုံးကြီးတစ်ခုသည် Nemuro သို့ရောက်ရှိခဲ့သည်ဟု ဆိုသည်။ Broadcaster NHK က နောက်ဆက်တွဲလှိုင်းများ ပိုမိုမြင့်မားလာနိုင်ကြောင်း ပြောကြားသည်။

အိုဆာကာမြို့တောင်ဘက် Wakayama အထိ ဂျပန်မြောက်ပိုင်းနှင့် အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်တွင် လှိုင်းအမြင့် ၃ မီတာအထိရှိနိုင်ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီမှ အစောပိုင်းကပြောကြားခဲ့သည်။

ဆူနာမီလှိုင်းများ ထပ်ခါတလဲလဲ တိုက်ခတ်မည်ဟုလည်း သတိပေးထားပြီး သတိပေးချက်မရုပ်သိမ်းမချင်း ပင်လယ်ထဲသို့ဝင်ရောက်ခြင်း သို့မဟုတ် ကမ်းရိုးတန်းသို့ မချဉ်းကပ်ကြရန်လည်း သတိပေးထားသည်။

ပြည်သူပိုင်ရုပ်သံလွှင့်ဌာန NHK မှ ဗီဒီယိုဖိုင်တစ်ခုတွင် ဟော့ကိုင်းဒိုးကျွန်းမြောက်ပိုင်းရှိ လူအများအပြားသည် အဆောက်အဦခေါင်မိုးပေါ်တွင် လူအများအပြားခိုလှုံနေပြီး၊ နေရောင်ခြည်လှုံနေသည့်လူများ အမိုးအကာများအောက်သို့ ဝင်ရောက်လာသည်ကိုတွေ့ရသည်။ ငါးဖမ်းလှေများသည် လှိုင်းလုံးကြီးကြောင့် ပျက်စီးသွားနိုင်သည့် အန္တရာယ်ကို ရှောင်ရှားရန် ဆိပ်ကမ်းများမှထွက်ခွာလာကြသည်။

နယ်မြေအသီးသီးမှပြည်သူများ ရွှေ့ပြောင်းကြရန် အစိုးရကအမိန့်ထုတ်ထားကြောင်း NHK မှ ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် ဆူနာမီအပြီးတွင် ရေဒီယိုသတ္တိကြွမှုဘေးဒဏ်ခံထားရသော ဖူကူရှီးမားနျူကလီးယားစက်ရုံမှ အလုပ်သမားများကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း အော်ပရေတာ TEPCO မှ ပြောကြားသည်။

ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် ပျက်စီးဆုံးရှုံးမှုသတင်းများ ထုတ်ပြန်ခြင်းမရှိသေးဘဲ မည်သည့်နျူကလီးယားစက်ရုံမှ ပုံမှန်မဟုတ်သောအခြေအနေ မတွေ့ရှိရကြောင်း ဂျပန်အစိုး ရအဖွဲ့အတွင်းဝန် Yoshimasa Hayashi က ပြောကြားသည်။

ငလျင်သည် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၅ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံရှိ ကျွန်းကြီးလေးကျွန်း၏ မြောက်ဘက်စွန်းဖြစ်သော ဟော့ကိုင်းဒိုးမှ ကီလိုမီတာ ၂၅၀ ခန့်အကွာတွင်ရှိပြီး အနည်းငယ်သာခံစားခဲ့ရကြောင်း ဂျပန်သတင်းဌာန NHK က ဖော်ပြခဲ့သည်။

ပစိဖိတ်မီးကွင်းဟု လူသိများသောဧရိယာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ငလျင်လှုပ်ခတ်မှုအများဆုံးနိုင်ငံဖြစ်သည်။

မီးရထားပြေးဆွဲမှုအချို့ကို ရပ်ဆိုင်းထားကြောင်း ဂျပန်အရှေ့ပိုင်း မီးရထားဌာနက ကျိုဒိုသတင်းအေဂျင်စီကို ပြောသည်။

ငလျင်၏ဗဟိုချက်မှာ ၁၉၅၂ ခုနှစ်ကလှုပ်ခတ်ခဲ့သည့် ငလျင်ပြင်းအား ၉.၀ နှင့် အကြမ်းဖျင်းတူညီပြီး ပစိဖိတ်တခွင် ဆူနာမီလှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း US Geological Survey က ဆိုသည်။

“ ဒီဖြစ်ရပ်ရဲ့ အတိုင်းအတာအရ ပြင်းအား ၇.၅ အထိဖြစ်နိုင်ချေရှိတဲ့ နောက်ဆက်တွဲငလျင်တွေကို မျှော်လင့်နိုင်ပါ တယ်” ဟု ရုရှားသိပ္ပံအကယ်ဒမီ၏ Geophysical Service ၏ Kamchatka ဌာနခွဲမှ ပြောကြားသည်။

“ ပြင်းအား ၇.၅ အထိ သိသာထင်ရှားသော နောက်ဆက်တွဲငလျင်များ နောက်ထပ်တစ်လခန့်အထိ ဆက်လက်တည်ရှိမည်ဟု ခန့်မှန်းရသည်။”

“ ယနေ့ငလျင်လှုပ်ခတ်မှုမှာ ဆယ်စုနှစ်များစွာအတွင်း အပြင်းထန်ဆုံးဖြစ်သည်” ဟု Kamchatka အုပ်ချုပ်ရေးမှူး ဗလာဒီမာဆိုလိုဒေါ့ဗ်က Telegram messaging app တွင်တင်ထားသော ဗီဒီယိုတစ်ခုတွင် ပြောကြားခဲ့သည်။

သူငယ်တန်းကျောင်းတစ်ကျောင်းပျက်စီးခဲ့ပြီး လူများကို ကမ်းရိုးတန်းမှဝေးရာသို့ ပြောင်းရွှေ့ကြရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

Credit: CNA

#ယနေ့ခေတ်

ရုရှားနိုင်ငံအနီး ပြင်းထန်သောငလျင်လှုပ်ခတ် ဂျပန်နိုင်ငံက ပစိဖိတ်သမုဒ္ဒရာအတွင်း ဆူနာမီသတိပေးချက် ထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.