ဟောင်ကောင်၊ ဩဂုတ် ၅
တရုတ်နိုင်ငံတောင်ဘက် ပုလဲမြစ်ဝကျွန်းပေါ်ဒေသဝန်းကျင်ရှိ အဆင့်မြင့်နည်းပညာမြို့များတွင် သြဂုတ် ၅ ရက်၊ အင်္ဂါနေ့က မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဆေးရုံများ၊ ကျောင်းများနှင့် ဥပဒေတရားရုံးများကို ပိတ်ထားခဲ့ရကြောင်း သိရသည်။
ဟောင်ကောင်၏ ကောင်းကင်ယံ၌ နံနက် ၆ နာရီမှ နံနက် ၆ နာရီ ၅၉ မိနစ်ကြားတွင် မိုးကြိုး ၁၀,၀၀၀ ခန့် ဖြစ်ပွားခဲ့ကြောင်း၊ တစ်နာရီလျှင် မိုးရေချိန် ၉၀ မီလီမီတာအထိ ရွာသွန်းခဲ့ပြီး မြို့တော်နှင့်အနီးနားရှိ ဂွမ်ဒေါင်းပြည်နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း သိရသည်။
ရေလွှမ်းမိုးမှုကြောင့် မိုးလေဝသဗျူရိုက ၎င်း၏အမြင့်ဆုံး မိုးသက်မုန်တိုင်းသတိပေးချက်အား အနက်ရောင်အဖြစ်သတ်မှတ်ချက်ကို ညနေ ၃ နာရီအထိ အချိန်တိုးမြှင့်သတ်မှတ်ခဲ့သည်။

မိုးရွာသွန်းမှုကြောင့် ဟောင်ကောင်၏ အကြီးဆုံးဆေးရုံအပြင်ဘက်တွင် ခြေကျင်းဝတ်အထက်သို့ ရေနစ်မြုပ်လာခဲ့ကြောင်း၊ ဆေးအာဏာပိုင်များက မိုးရွာသွန်းမှုကြောင့် မြို့ပေါ်ရှိဆေးခန်းများကို ပိတ်ထားမည်ဟု ကြေညာခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေလျှံမှုများသည် ရာသီဥတုပြောင်းလဲမှုနှင့်ဆက်စပ်နေပြီး မိုးလေဝသပညာရှင်များနှင့် တရုတ်ပြည်မကြီးရှိ အရာရှိများအတွက် စိန်ခေါ်မှုများ တိုးမြင့်လာသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က မုန်တိုင်းများသည် တရုတ်နိုင်ငံတောင်ပိုင်းတွင် လူအသေအပျောက်များပြားခဲ့ပြီး ရေကြီးရေလျှံမှုများကြောင့် ဂွမ်ဒေါင်းပြည်နယ်တွင် လူငါးဦးသေဆုံးခဲ့ပြီး၊ ကယ်ဆယ်ရေးသမား ၁၃၀၀ ကျော်ပါဝင်သည့် အကြီးစားရှာဖွေရေးလုပ်ငန်းကို တွန်းအားပေးလုပ်ဆောင်ခဲ့သည်။
ဩဂုတ် ၅ ရက်၊ အင်္ဂါနေ့ နံနက်ပိုင်းအထိ ပြည်နယ်အတွင်းရှိ မြစ်လေးစင်းသည် ကမ်းပါးပြိုကျနိုင်သည့်အန္တရာယ်သို့ မြင့်တက်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင်ရုပ်သံလိုင်း CCTV က ဖော်ပြခဲ့သည်။
ဟောင်ကောင်၊ ကွမ်တုံပြည်နယ်နှင့် မကာအိုတို့တွင် မိုးရွားသွန်းမှုကို အနီရောင်အဆင့်သတိပေးချက် ထုတ်ပြန်ခဲ့သည်။
Flightmaster မှ အချက်အလက်များအရ ဒေသတွင်းရှိ လေဆိပ်များတွင် ခရီးစဉ်ဖျက်သိမ်းမှုနှုန်းမှာ အင်္ဂါနေ့တွင် ၂၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။
ဟောင်ကောင်လေဆိပ်သည် ပုံမှန်လည်ပတ်နေသော်လည်း အချို့သောခရီးစဉ်များ နှောင့်နှေးခဲ့ရပြီး ခရီးသည်များအား ပျံသန်းချိန်အတည်ပြုပြီးမှသာ လေဆိပ်သို့သွားရန် အကြံ ပြုထားသည်။

ဟောင်ကောင်စတော့အိတ်ချိန်းသည် ယမန်နှစ်နှောင်းပိုင်းတွင် ရာသီဥတုအခြေအနေ မည်သို့ပင်ရှိစေကာမူ ဆက်လက်ရောင်းဝယ်ဖောက်ကားရန် ၎င်း၏မူဝါဒကို ပြောင်းလဲခဲ့ပြီး ဆက်လက်ဖွင့်ထားဆဲဖြစ်သော်လည်း တရားရုံးများ၊ ခုံရုံးများနှင့် မှတ်ပုံတင်ရုံးများကို မိုးသက်မုန်တိုင်းသတိပေးချက်အဆင့် အနက်ရောင်ကိုပယ်ဖျက်ပြီး အနည်းဆုံးနှစ်နာရီကြာသည်အထိ ပိတ်ထားမည်ဖြစ်ကြောင်း တရားရေးဌာနက ကြေညာသည်။
Credit: CNA
#ယနေ့ခေတ်
ဟောင်ကောင်တွင် မိုးသည်းထန်မှုကြောင့် စာသင်ကျောင်းများ၊ တရားရုံးများနှင့် ဆေးရုံများ ပိတ်ထားရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်