ဂါဇာစစ်ပွဲကိုတိုးမြှင့်မည့် နေတန်ရာဟု၏အစီအစဉ်ကို အစ္စရေးပြည်သူများ ကန့်ကွက်ဆန္ဒပြ

ဂါဇာ၊ ဩဂုတ် ၁၀

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးအစိုးရ၏ စစ်ဆင်ရေးတိုးချဲ့မည့်အစီအစဉ်ကို အစ္စရေးနိုင်ငံတဝှမ်း လမ်းမများပေါ်တွင် အစ္စရေးပြည်သူများဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။

ဂါဇာကမ်းမြောင်ဒေသအပေါ် ‘လုံခြုံရေးထိန်းချုပ်မှု’ ပါ၀င်သည့် စစ်ပွဲအဆုံးသတ်ရန်လိုအပ်သော အခြေခံမူငါးချက်ကို အစ္စရေးလုံခြုံရေးဝန်ကြီးအဖွဲ့က သောကြာနေ့တွင်အတည်ပြုခဲ့ပြီး အစ္စရေးစစ်တပ်က ဂါဇာမြို့ကိုသိမ်းပိုက်ရန်ပြင်ဆင်မည်ဟု ပြောဆိုခဲ့သည်။

ဂါဇာရှိ ဓားစာခံ ၅၀ ဦး၏ မိသားစုဝင်များအပါအဝင် ဆန္ဒပြသူများသည် ဓားစာခံများအသက်ရှင်နေသေးသည်ဟု ယူဆကြပြီး၊ အစ္စရေးအစိုးရ၏အစီအစဉ်သည် ဓားစာခံများ၏ အသက်အန္တရာယ်ကို စိုးရိမ်ဖွယ်ရာဖြစ်စေသည်ဟု ယုံကြည်ချက်ရှိသည်။

အစ္စရေးခေါင်းဆောင်များက ၎င်း၏အစီအစဉ်အပေါ် ဝေဖန်မှုများကို ပယ်ချခဲ့ပြီး ၀န်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက “ဒီလုပ်ရပ်ကနေ ကျွန်ုပ်တို့ရဲ့ ဓားစာခံတွေကို လွတ် မြောက်စေမှာပါ” ဟု ပြောကြားခဲ့သည်။

“တိုက်ပွဲများချဲ့ထွင်ခြင်းသည် ဓားစာခံများနှင့် စစ်သားများကို အန္တရာယ်ဖြစ်စေသည်။ အစ္စရေးလူမျိုးများသည် ၎င်းတို့အားစွန့်စားရန် ဆန္ဒမရှိကြပါ။” ဟု ဓားစာခံများ၏မိသားစုများကို ကိုယ်စားပြုသည့်အဖွဲ့တစ်ဖွဲ့က X တွင် ရေးသားခဲ့သည်။

စနေနေ့က ဂျေရုဆလင်တွင် စုဝေးဆန္ဒပြသူထဲမှတစ်ဦးဖြစ်သူ ရှာခါက “ ကျွန်တော်တို့ရဲ့ဓားစာခံတွေ အဲဒီနေရာမှာ သေနေတာကြောင့် စစ်ပွဲကိုပြီးစေချင်တယ်၊ သူတို့အားလုံးကို အခုအိမ်ပြန်ဖို့လိုအပ်တယ်” ဟု BBC သို့ ပြောကြားခဲ့သည်။

“ ဘာပဲလုပ်လုပ် ငါတို့လုပ်ရမယ်။ စစ်ပွဲရပ်ဖို့လိုရင် ငါတို့စစ်ပွဲကို ရပ်လိုက်မယ်။” ဟု ဂျေရုဆလင်ဆန္ဒပြသူများထဲမှ စစ်သားဟောင်းတစ်ဦးကလည်း ဘီဘီစီကို ပြောကြားခဲ့ပြီး ယခုအခါ စစ်မှုထမ်းရန် ငြင်းဆိုထားသည်။

Max Kresch က သူသည် စစ်ပွဲအစတွင် တိုက်ခိုက်ရေးတပ်သားတစ်ဦးဖြစ်ပြီး ထိုစဉ်ကတည်းက ငြင်းဆိုခဲ့သည်ဟု ပြောကြားခဲ့သည်။ “ကျွန်တော်တို့ စစ်ပွဲအတွင်းတာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သား ၃၅၀ ကျော်ရှိပြီး နေတန်ယာဟုရဲ့နိုင်ငံရေးစစ်ပွဲမှာ၊ ဂါဇာမှာရှိတဲ့ အပြစ်မဲ့ပါလက်စတိုင်းတွေ၊ ဓားစာခံတွေ အန္တရာယ်ဖြစ်စေမယ့်စစ်ပွဲမှာ ဆက်လက်အမှု ထမ်းဖို့ ငြင်းဆန်နေပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ဌာနချုပ်အနီး တဲလ်ဗစ်ဆန္ဒပြပွဲ၌ ဓားစာခံများနှင့် စစ်သားများ၏ မိသားစုဝင်များက ဓားစာခံများကိုကာကွယ်ရန်အတွက် တိုးချဲ့စစ်ရေးတွင် တာဝန်ထမ်းရေးကိုငြင်းဆိုရန် အခြားစစ်သားများကို တောင်းဆိုခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် ဂါဇာကမ်းမြောင်ဒေသကို အပြည့်အ၀သိမ်းပိုက်ခြင်းသည် ထောင်ချောက်ထဲသို့ လျှောက်လှမ်းသည်နှင့်တူပြီး၊ အသက်ရှင်နေသောဓားစာခံများကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း အစ္စရေးမီဒီယာမှ သတိပေးပြောကြားခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး Eyal Zamir ၏ ပြင်းပြင်းထန်ထန်ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရသည်။

Credit: BBC

#ယနေ့ခေတ်

ဂါဇာစစ်ပွဲကိုတိုးမြှင့်မည့် နေတန်ရာဟု၏အစီအစဉ်ကို အစ္စရေးပြည်သူများ ကန့်ကွက်ဆန္ဒပြ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.