မိုးကုတ်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃၀ နီးပါးသေဆုံး ဟုဆို

ရန်ကုန်၊ ဩဂုတ် ၁၅

TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် လူ ၃၀ နီးပါးသေဆုံးပြီး၊ ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုးကိုတ်မြို့အရှေ့ပိုင်း၊ ရွှေဂူရပ်ကွက်တွင် ဩဂုတ်လ ၁၄ ရက်၊ ည ၈ နာရီကျော်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ပေါ်သို့ကျရောက်ပြီး ကလေးငယ်အပါအဝင် လူ ၃၀ နီးပါးသေဆုံးခဲ့ကာ ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အများကြီးသေတယ်။ ကလေးရော လူကြီးရောပါတယ်။ အယောက် ၃၀ လောက်ရှိတယ်လို့ပြောတယ်။ ရှာမတွေ့သေးတာတွေလည်း အများကြီးပဲ။ အသားစတွေပဲတွေ့တယ်။ ရှောင်လို့လည်းမရလိုက်ဘူး။ လာတာနဲ့ချသွားပြီ။ ဗုံးခိုကျင်းလုပ်ထားရင်တောင် ဝင်ချိန်မရလိုက်ဘူး။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ရှိ နေရာအချို့တွင် လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်ပေါ်မှုကြောင့် သေဆုံးသူဦးရေများပြာပြီး ဒေသခံအချို့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်များရှိလာကြောင်း သိရသည်။

“သူတို့က ကျောက်တွင်းလုပ်နေတဲ့နေရာတွေ လိုက်ချတာထင်တာပဲ။ အခုက အဲဒီနေရာတွေကိုမထိပဲ ပြည်သူတွေပဲထိရတယ်။ ကျွန်တော်ဆို ဖြစ်ပျက်နေတာတွေက ကိုယ့်မျက်စိရှေ့တင်မို့လို့ စိုးရိမ်နေရတယ်။ အိမ်မှာကလည်း အမေနဲ့ ကလေးရှိနေလို့။ ပေးဆပ်ရတဲ့အတွေလည်း မနည်းတော့ဘူး။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင် ဘုန်ကြီးကျောင်းအပါအဝင် နေအိမ်ခုနှစ်လုံးနီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်၊ ညနေ ၆ နာရီကျော်ကလည်း မိုးကုတ်မြို့၊ ကျောက်နဂါးကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ပြီးနောက် သဃာတော်နှင့် ကလေးငယ်အပါအဝင် ငါးဦးသေဆုံးခဲ့ပြီး၊ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင် ဇူလိုင်လနှင့် ဩဂုတ်လဆန်းပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ခုနှစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး၊ ၅၀ ဦးထက်မနည်းသေဆုံးခဲ့ကာ၊ ၆၀ နီးပါးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းတွင် TNLA က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များကို သိမ်းယူခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်နေ့တွင် နစကတပ်များသည် TNLA ထိန်းချုပ်ထားသည့်နောင်ချိုမြို့ကို ပြန်လည်သိမ်း ပိုက်ခဲ့ကြောင်း သိရသည်။

ယခုအခါ နလအတပ်များသည် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များကို ပြန် လည်သိမ်းယူနိုင်ရေးအတွက် ထိုးစစ်ဆင်မှုများပြုလုပ်နေကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-ဒေသခံ

#ယနေ့ခေတ်

မိုးကုတ်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃၀ နီးပါးသေဆုံး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.