ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး၊ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၄ ရက်၊ နံနက် ၁ နာရီကျော်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၄၂ မိုင်-၂ ဖာလုံကြားတွင် ရန်ကုန်မှ နေပြည်တော်သို့မောင်းနှင်လာသည့် လိုက်ထရပ်ကားကို လာရာအတူမောင်းနှင်လာသည့် SUZUKI ကားက အနောက်မှဝင်တိုက်ခြင်းကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ၊ ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒဏ်ရာရတဲ့သူတွေက များပါတယ်။ ဒဏ်ရာရတဲ့ထဲမှာ ကလေးတွေလည်းပါတယ်။ အမျိုးသမီးတစ်ဦးတော့ ဆုံးသွားတယ်။ ဒဏ်ရာရတာ ၁၃ ယောက်နဲ့ သေတာတစ်ယောက်ပါ။ လာရာတူမောင်းလာတဲ့ကားက အရှေ့ကားကို အရှိန်မထိန်းနိုင်ပဲ တိုက်လိုက်ပုံရတယ်။ ကားတွေလည်း အတော်ပျက်စီးသွားတယ်။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယာဉ်တိုက်မှုတွင် သေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့ကို ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းကူညီကာ တောင်ငူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ယာဉ်တိုက်မှုသုံးကြိမ်းရှိခဲ့ကာ၊ ကားမီးလောင်မှုနှစ်ကြိမ်နှင့် သေဆုံးသူနှစ်ဦးရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူခြောက်ဦးရှိခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှု ၇၃ မှုနှင့် သေဆုံးသူ ကလေးငယ်အပါအဝင် ၃၃ ဦးရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၂၀၆ ဦးရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-Taungoo အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့
#ယနေ့ခေတ်
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား တစ်ဦးသေဆုံး၊ ၁၃ ဦး ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်