ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
ပဲခူးတိုင်ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့မှ စက္ကူစက်ရုံဝန်းအတွင်းရှိ ဂိုဒေါင်တစ်လုံး မီးဖိုမီးမှတဆင့် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၇ ရက်၊ နံနက် ၄ နာရီကျော်က ရေတာရှည်မြို့နယ်၊ ရေနီမြို့မှ စက္ကူစက်ရုံဝန်းအတွင်းရှိ ဂိုဒေါင်တစ်လုံး မီးဖိုမီးထိုးရာမှတဆင့် ဘေးအကာအရံကို မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ကျပ်ခြောက်သိန်းကျော်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“စက်ရုံဝန်းထဲမှာ ဂိုထောင်ရှိတယ်။ မီးဖိုကနေပြီတော့ စလောင်တာ။ နနွင်းတို့၊ ဝဥတို့ကို မီးဖိုမီးနဲ့ ပေါင်းခံတာ။ ပေါင်ခံရင်းနဲ့ မီးထိုးရတာ။ မီးထိုးရတော့ မီးဖိုးဘေးကနေ ဘေးအကာကို မီးကူးပြီးလောင်တာ။ ဆုံးရှုံးမှုကတော့ ခြောက်သိန်းလောက်ပဲရှိပါတယ်။ လူထိခိုက်မှုတော့မရှိပါဘူး။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြော သည်။
မီးလောင်မှုသည့် နံနက် ၄ နာရီ မိနစ် ၅၀ တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ နံနက် ၆ နာရီ ၁၁ မိနစ်တွင် ငြိမ်းသွားသည်။ အဆိုပါမီးလောင်ကျွမ်းမှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
ပဲခူမြို့တွင် ၂၀၂၆ ခုနှစ်အတွင်း မီးလောင်ကျွမ်းမှု ခြောက်ကြိမ်နီးပါးရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၅ ရက်၊ ညနေ ၄ နာရီကျော်ကလည်း ပခုက္ကူမြို့၊ ချောက်ကန်ကျေးရွာတွင် “ဟိန်းစည်” စက်သုံးဆီဆိုင် ဆီပေပါဖွင့်ရာမှတဆင့် မီးပွားထွက်ကာ မီးလောင်ကျွမ်းခဲ့ပြီး၊ အမျိုးသားဝန်းထမ်းနှစ်ဦး ဒဏ်ရာရရှိကာ ကျပ် ၁၈ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
#ယနေ့ခေတ်
ရေနီမြို့ စက္ကူစက်ရုံဝန်းအတွင်းရှိ ဂိုဒေါင်တစ်လုံး မီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်