စင်ကာပူရဲတပ်ဖွဲ့က Prince Group လိမ်လည်မှုအဖွဲ့နှင့် ဆက်စပ်နေသူသုံးဦးကို ဖမ်းဆီး

စင်ကာပူ၊ မတ် ၅

စင်ကာပူရဲတပ်ဖွဲ့သည် နိုင်ငံတကာလိမ်လည်မှုအဖွဲ့ဟု စွပ်စွဲခံထားရသော Prince Group နှင့် ၎င်း၏တည်ထောင်သူနှင့် ဥက္ကဋ္ဌ ချန်းဇီတို့ကို စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် စင်ကာပူနိုင်ငံသားသုံးဦးကို ဖမ်းဆီးခဲ့ကြောင်း ကြေညာခဲ့သည်။

အဆိုပါ အမျိုးသားသုံးဦးကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လအတွင်း ငွေကြေးခဝါချမှုပြစ်မှုများတွင် ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

သိမ်းဆည်းထားသော ပိုင်ဆိုင်မှုများထဲတွင် အိမ်ခြံမြေသုံးလုံး၊ ကားရှစ်စီး၊ နိုင်ငံခြားငွေအမျိုးမျိုးဖြင့် ငွေသား၊ ဘဏ်နှင့် ငွေချေးစာချုပ်အကောင့်များ၊ ဇိမ်ခံအိတ်များနှင့် နာရီများပါဝင်ပြီး စုစုပေါင်းခန့်မှန်းခြေအားဖြင့် စင်ကာပူဒေါ် လာ ၃၅၀ သန်း(ဒေါ်လာ ၂၇၅ သန်း)တန်ဖိုးရှိ ပိုင်ဆိုင်မှုများလည်းပါဝင်ကြောင်း ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင်ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခံရသူများတွင် ကားငှားရမ်းသည့် ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာတစ်ဦးနှင့် ကမ္ဘောဒီးယားမှရောက်ရှိလာချိန်တွင် ဖမ်းဆီးခံထားရသည့် အမျိုးသားနှစ်ဦးတို့ပါဝင်သည်။ လိမ် လည်မှုကျူးလွန်သည်ဟု သံသယရှိသော ကမ္ဘောဒီးယားတွင်ရှိနေသည်ဟု ယုံကြည်ရသည့် စင်ကာပူအမျိုးသမီးတစ်ဦးအတွက် ဖမ်းဝရမ်းထုတ်ပြန်ထားသည်။

စင်ကာပူရဲတပ်ဖွဲ့သည် အမှုနှင့်သက်ဆိုင်သော စုစုပေါင်း စင်ကာပူဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိပိုင်ဆိုင်မှုများကို သိမ်းဆည်းထားပြီးဖြစ်သည်။

အောက်တိုဘာလတွင် အမေရိကန်တရားရေးဌာနသည် ချန်းအား အွန်လိုင်းလိမ်လည်မှု၊ ပူးပေါင်းကြံစည်မှုနှင့် ငွေကြေးခဝါချမှု ပူးပေါင်းကြံစည်မှုဖြင့် တရားစွဲဆိုခဲ့သည်။

ချန်းကို တရုတ်-ကမ္ဘောဒီးယား ပူးတွဲစစ်ဆင်ရေးတစ်ခုတွင် ကမ္ဘောဒီးယား၌ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီလတွင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သည်။

နိုင်ငံပေါင်း ၃၀ တွင် စီးပွားရေးလုပ်ငန်းပေါင်း ၁၀၀ ကျော်ကို လည်ပတ်နေသော Prince Group ကို ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများကို လိမ်လည်လှည့်ဖြားသည့် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံရှိ ကျယ်ပြန့်သော လိမ်လည်မှုစင်တာများကွန်ရက်နှင့် ချိတ်ဆက်ထားသည်ဟု အမေရိကန်အာဏာပိုင်များက ဆိုသည်။ Prince Group ကို ကိုယ်စားပြုသည့် ရှေ့နေကုမ္ပဏီတစ်ခုက အဆိုပါလုပ်ငန်းစုကြီးသည် မကောင်းမှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက ပြောကြားခဲ့သည်။

Ref: bangkokpost.com
#ယနေ့ခေတ်

စင်ကာပူရဲတပ်ဖွဲ့က Prince Group လိမ်လည်မှုအဖွဲ့နှင့် ဆက်စပ်နေသူသုံးဦးကို ဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.