ဖားကန့်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ ကလေးတစ်ဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ၊ ကလေငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၇ ရက်၊ နေ့လည် ၁ နာရီကျော်က ဖားကန့်မြို့၊ တာမခံကျေးရွာ၊ ရှင်တစ်ထောင်ကုန်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံးကိုထိမှန်ကာ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး၊ သုံးနှစ်အရွယ်ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ကြဲတာ။ တာမခံကျေးရွာ ရှင်တစ်ထောင်ကုန်းက နေအိမ်ကိုထိတာ။ နေ့လည် ၁ နာရီကျော်လောက်က။ သုံးနှစ်အရွယ်ယောင်္ကျားလေးတစ်ဦး မျက်နာ၊ လက်၊ နှစ်ဖူးကိုထိတယ်။ မိခင်ဖြစ်သူကတော့ နေရာမှာတင်ဆုံးသွားတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့်ကလေးငယ်မှာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၄ ရက်၊ ညနေ ၄ နာရီကျော်ကလည်း ဖားကန့်မြိုရှိ တရုတ်စာသင်ကျောင်းမှ ကလေးအဆောင်အနီး အိမ်ခန်းငှါးနေသည့် အဆောင်ပေါ်သို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်လေးဦးနှင့် လူကြီးနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့တွင် လက်နက်ကြီးကျည် မကြာခဏကျရောက်ပေါက်ကွဲမှုနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများ ခပ်စိပ်စိပ်ဖြစ်ပေါ်နေကြောင်း သိရ သည်။

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့မှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် နလအတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသအတွင်းသေဆုံးသူ ၁၀၀ ကျော်ရှိပြီး၊ ဒဏ်ရာရရှိသူ ၂၀၀ ကျော်ရှိကြောင်း သိရသည်။

#ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဒေသခံ
#ယနေ့ခေတ်

ဖားကန့်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ ကလေးတစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.