ရန်ကုန်၊ မတ် ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနာမြို့တွင် လျှပ်စစ်မီးဖြန့်ဝေခြင်းကို ပုဂ္ဂလိကလုပ်ငန်းမှ တာဝန်ယူနေသော်လည်း လျှပ်စစ်မီး နေ့စဉ်ပုံမှန်မရရှိသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်ရာ ဒေသခံများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
မြစ်ကြီးနားမြို့တွင် ၂၀၂၄ ခုနှစ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း လျှပ်စစ်မီးပုံမှန်မရရှိသည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီးရာ ဒေသခံများ အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။ ဘူးဂါး လျှပ်စစ်ဓာတ်အားပေးကုမ္မဏီမှ တစ်ရက်လျှင် ၈ နာရီ လျှပ်စစ်မီးပေးမည်ဟု တာဝန်ယူထားသော်လည်း လက်ရှိမှာ ၂၄ နာရီတစ်ရက်တွင် တစ်နာရီခန့်သာရရှိနေခြင်းကြောင့် လုပ်ငန်ရှင်များပါအခက်အခဲများကြုံနေရကြောင်း သိရသည်။
“မြစ်ကြီးနားမှာလက်ရှိ လျှပ်စစ်မီးပြဿနာတက်နေပါတယ်။ ၂၀၂၄ မှာ ရေကြီးရေလျှံဖြစ်တုန်းက မြေနိမ့်ပိုင်းက အရင်အိမ်သုံးမီတာတွေ ပျက်စီးတာရှိတယ်။ တစ်ရက်မှာ တစ်နာရီတောင် မီးမလာဘူး။ ဒီကြားထဲ မီးလိုင်းကအောက်နေတာနဲ့ မီးအားမမီတာနဲ့။ တိုင်ပတ်နေတာ။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မြစ်ကြီးနားမြို့အတွင်း ဒီဂျစ်တယ်မီတာများ တပ်ဆင်ထားခြင်းမရှိသေးသည့်အပြင် မီတာခကောက်ခံရာတွင်လည်း မီတာယူနစ်ဖတ်ပြီး ကျသင့်ငွေတောင်းခံခြင်းမဟုတ်ဘဲ အသုံး ပြုနေသည့် လျှပ်စစ်ပစ္စည်းအရေအတွက်ကိုသာကြည့်ပြီး မီတာကောက်ခံနေခြင်းကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ပျက်နေတဲ့မီတာတွေကို အသစ်လဲမပေးတော့ လစဉ်ဘယ်လောက်ကျလဲ မသိရဘူး။ ပိုက်ဆံသာပေးနေရတာ။ သွားပြောတော့လည်း စိတ်တိုင်းကျမှသုံးပါတဲ့။ မသုံးလို့လည်းရ တယ်တဲ့။ အတော်လေးမောက်မာတာ။ ပုဂ္ဂလိကဆိုတော့ ပြည်သူတွေအတွက်မဟုတ်ဘူး။ ခက်တာက အပြိုင်မရှိတော့ ပိုဆိုးတာပေါ့။ မြေပြင်ယူနစ်ဖတ်တဲ့ ဝန်ထမ်းလူကြီးဆီသွားတော့လည်း ဖွင့်ကောက်စနစ်နဲ့ကောက်တာတဲ့။ တစ်အိမ်မှာ မီးဘယ်နှစ်ပွင့်၊ လျှပ်စစ်မီးနဲ့သုံးတာဘာရှိလဲ စသဖြင့်တွက်ပြီး ကောက်တာတဲ့။ ပြည်သူတွေမှာ ဘာမှမပြောနိုင်ဖြစ်နေရတယ်။ သွားပြောတော့လည်း ဥပဒေနဲ့ကိုင်ပေါက်တယ်။” ဟု လျှပ်စစ်မီးနှင့်ပတ်သက်ပြီး အဆင်မပြေဖြစ်နေရသည့် မြစ်ကြီးနားမြို့မှ ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“တစ်ရက်ကို ၈ နာရီပြောပြီး လက်တွေ့မြေပြင်မှာမရဘူး။ နာရီဝက်၊ တစ်နာရီလောက်သာရတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ၂၀၁၉ ခုနှစ်မှစ၍ ဘူးဂါး လျှပ်စစ်ကုမ္မဏီက နိုင်ငံတော်ဓာတ်အားစနစ်မှ ပြန်လည်ဝယ်ယူပြီး ရရှိသည့်ဓာတ်အားခွဲတမ်းကို မြို့ပေါ်ရပ်ကွက်များသို့ အလှည့်ကျစနစ်ဖြင့် ဖြန့်ဖြူးပေးနေကြောင်း သိရသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်တွင် ဖြစ်ပေါ်နေသည့် လျှပ်စစ်မီးနှင့်ပတ်သက်သည့်အခြေအနေကို ဘူးဂါး လျှပ်စစ်ကုမ္မဏီအား ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလိုင်းများပြတ်တောက်နေခြင်းကြောင့် အဆက်အသွယ်မရရှိသေးပါ။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-CJ
ယနေ့ခေတ်
မြစ်ကြီးနားတွင် လျှပ်စစ်မီးဖြန့်ဝေခြင်းကို ပုဂ္ဂလိကလုပ်ငန်းမှ တာဝန်ယူနေသော်လည်း ပုံမှန်မရရှိသည်မှာ တစ်နှစ်ကျော်ကြာပြီ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်