ရန်ကုန်၊ မတ် ၂၁
ရန်ကုန်မြို့တွင်းရှိ ပရဟိတအသင်းအချို့ စက်သုံးဆီအခက်အခဲဖြစ်ပေါ်နေခြင်းကြောင့် နယ်ဝေးသို့ လူနာပို့ဆောင်ခြင်းများအား ယာယီရပ်နားထားပြီဖြစ်ကြောင်း သိရသည်။
မတ်လ ၂၀ ရက်နေ့မှစ၍ ရန်ကုန်မြို့အတွင်းရှိ ပရဟိတကားအချို့ နယ်ဝေးသို့ လူနာပို့ဆောင်ခြင်း၊ နာရေးပို့ဆောင်ခြင်းလမ်းကြောင်းများကို ယာယီရပ်နားပြီဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က ဆီစျေးတက်တာထက် ဆီဝယ်မရတဲ့ပြသနာက ပိုပြီးတော့ဆိုးတယ်။ မနေ့ကပဲ လူနာလမ်းကြောင်းတစ်ကြောင်းကို မငြင်းချင်ပဲငြင်းလိုက်ရတယ်။ အသင်းစတင်တည်ထောင်ထဲက တခါမှမငြင်းဖူးဘူး။ ရှိရှိ မရှိရှိ ကူညီပေးပါတယ်။ မနေ့ကတော့ နယ်လမ်းကြောင်းတွေပို့တာ ယာယီရပ်နားမည်ဆိုပြီး စာတင်လိုက်ရတယ်။” ဟု ရန်ကုန်မြို့အ တွင်းရှိ မေတ္တာအလင်းရောင် လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ပရဟိတအသင်းကားများ နယ်ဝေးသို့ လူနာပို့ဆောင်ရာတွင် အရေးပေါ်လူနာပါမှသာလျင် ဆီအမြန်ဆုံးရရှိပြီး လူနာမပါလျင် တန်းစီစနစ်ဖြင့်သာ ဆီထည့်ရသည်။ တစ်ခါထည့်လျင် အများဆုံး ၅၀,၀၀၀ ကျပ်နှင့် ၃၀,၀၀၀ ကျပ်ဖိုးသာရရှိကြောင်း သိရသည်။
“ဆီဆိုင်တော်တော်များများက လူနာပါရင်ပေးတယ်။ သုံးသောင်းဖိုး၊ ငါးသောင်းဖိုးပေးတယ်။ တစ်ဆိုင်နဲ့တစ်ဆိုင်တော့မတူဘူး။ နယ်လမ်းကြောင်းကို လူနာပို့မယ်ဆို သုံးသောင်း၊ ငါးသောင်းနဲ့က အဆင်မပြေဘူးလေ။ ဥပမာ သုံးသောင်းဖိုးထည့်ပေးလိုက်ပြီး တစ်ခြားဆိုင်မှာဆီမရှိရင် ဟိုဘက်ကိုဆက်သွားဖို့ဆိုတာ မလွယ်ပြန်ဘူး။ အသွားတုန်းကတော့ လူနာပါတော့ထည့်ပေးတယ်။ အပြန်ကျ လူနာမပါတော့ တန်းဆီရတယ်။ အဲ့တော့ ဆီကအခက်အခဲတွေဖြစ်နေရပါတယ်။” ဟု ရန်ကုန်မြို့ရှိ ပရဟိတအသင်းတစ်ခုမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
နယ်ဝေးများသို့ လူနာပို့ဆောင်ရသည့် ပရဟိတအသင်းကားများကို နီးစပ်ရာစက်သုံးဆီဆိုင်များမှ စက်သုံးဆီများ လုံလောက်စွာရောင်းချပေးစေလိုကြောင်း ရန်ကုန်မြို့ရှိ မေတ္တာအလင်းရောင် လူမှုကူညီရေးအသင်းမှ တောင်းဆိုထားသည်။
အလားတူး ရှမ်းပြည်နယ်(မြောက်ပိုင်)၊ မူဆယ်မြို့ရှိ လူမှုကူညီရေးအသင်းမှာလည်း လူနာပို့ဆောင်ရာတွင် စက်သုံးဆီအခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။
“မူဆယ်လည်း ရန်ကုန်လို့ပါပဲ။ အရေးပေါ်လူနာပါရင်တော့ ဆီကထည့်ပေးတယ်။ ဥပမာ ငါးသောင်းဖို့ရောင်းတဲ့ဆိုင်ဆို ဆီကမပြည့်တဲ့အတွက် တန်းစီနေတဲ့ကားတွေကနေ သူ့တို့ထည့်မယ့်အထဲက ဖြည့်ပြီးပေးတာလေးတွေတော့ရှိတယ်။ မူဆယ်မှာတော့ ဆီစျေးက တစ်လီတာကို ရှစ်ထောင်ငါးရာရှိတယ်။ ဆီကတော့ တော်တော်အခက်အခဲဖြစ်နေတာ။” ဟု မူဆယ်မြို့ရှိ လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထို့အပြင် မီတာခများပါ စျေးနှုန်းမြင့်တက်လာခြင်းကြောင့် အောက်ဆီဂျင်ဗူးများမှာ ၁၀,၀၀၀ ကျပ်မှ ၁၈,၀၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်လာကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-မေတ္တာအလင်းရောင် လူမှုကူညီရေးအသင်း
ယနေ့ခေတ်
စက်သုံးဆီရှားပါးလာမှုကြောင့် ပရဟိတအသင်းအချို့ နယ်ဝေးသို့ လူနာပို့ဆောင်ခြင်းကို ယာယီရပ်နား ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်