ရန်ကုန်၊ မတ် ၂၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းများတိုက်ခိုက်ခြင်းကြောင့် နေအိမ်အချို့ ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။
မတ်လ ၂၈ ရက်၊ ညနေပိုင်းက ဖားကန့်မြို့ရှိ လုံးခင်၊ ဆိုင်းတောင်၊ ဆွတ်အောင်၊ ဟိုပင်၊ မိုးကောင်းစသည့်နေရာများတွင် မိုးသည်းထန်စွာရွာသွန်းပြီး၊ လေပြင်းများတိုက်ခိုက်ခြင်းကြောင့် နေအိမ်အချို့နှင့် သစ်ပင်များပြိုလဲကာ ပျက်စီးခဲ့ကြောင်း သိရသည်။
“လေတိုက်ချက်ကတော့ တော်တော်ပြင်းတယ်။ လေရောမိုးရော။ မိုးလည်းအရမ်းသည်းတယ်။ တချို့နေရာတွေမှာဆို သစ်ပင်တွေလဲကျတာနဲ့ အိမ်တွေဆို အမိုးတွေလန်တာ။ အိမ်ရှေ့အဆောင်ပြိုကျတာတွေလည်းရှိတယ်။ မုန်တိုင်းမိုးလိုတော့ မဟုတ်လောက်ဘူး။ နေရာတော်တော်များများတိုက်သွားတာ။ ဆိုင်းတောင်ဘက်တော့ ရေကြီးတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အလားတူ ကချင်ပြည်နယ်ရှိ အင်းတော်ကြီး၊ နမ္မတီး စသည့်နေရာများတွင်လည်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း သိရ သည်။
ထို့အပြင် မတ်လ ၂၈ ရက်၊ ညပိုင်းကလည်း မန္တလေးမြို့တွင် လေပြင်းများတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မုတ်သုံအကြိုအနေဖြင့် ၁၀ ရက်မှ ၁၈ ရက်ခန့်အထိ မိုးရွာသွန်နိုင်ကြောင်း မိုးလေ ဝသလေ့လာသူ ဦးဝင်နိုင်က ယနေ့ နေ့လည် ၂ နာရီတွင် ထုတ်ပြန်ထားသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-CJ / Kyaw Kyaw Aung
ယနေ့ခေတ်
ဖားကန့်မြို့တွင် မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းများတိုက်ခိုက်ခြင်းကြောင့် နေအိမ်အချို့ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်