ရန်ကုန်၊ မတ် ၁၅
တအာင်းတပ် (TNLA) ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်က ယနေ့ ညနေပိုင်းတွင် ပြန်လည်ထိန်းချုပ်လိုက်ကြောင်း သိရသည်။
မတ်လ ၁၄ ရက်နေ့မှစ၍ ကွတ်ခိုင်မြို့တွင် TNLA နှင့် MNDAA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ယနေညနေပိုင်းက MNDAA တပ်က ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း သိရသည်။
“MNDAA ကသိမ်းတာ ရာခိုင်နှုန်း ၉၀ ပြောလို့ရပြီ။ ၁၀ ရာခိုင်နှုန်းက ဒရုန်းနဲ့ မြို့အပြင်တောစပ်တွေအထိ နယ်မြေရှင်းနေတာ။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
MNDAA နှင့် TNLA တပ်တို့ တစ်လကြာစစ်ရေးတင်းမာနေခဲ့ပြီးနောက် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်ခဲ့ပြီး ကုန်စျေးနုန်းများ မြင့်တက်ခဲ့ခြင်းကြောင့် ဒေသခံများအခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။
“စစ်ရေးတင်းမာနေတာတော့ တစ်လလောက်ကြာပြီ။ ကုန်စည်းစီးဆင်မှုတွေလည်းတားထားတော့ ကုန်စျေးနှုန်းတွေလည်း စျေးကြီးလာတယ်။ အခုလိုတိုက်ပွဲက ချက်ချင်းကြီးထ ဖြစ်တော့ စားသောက်ကုန်တွေ စုဆောင်းထားတာလည်းမရှိကြဘူး။ မလုံမခြုံနဲ့လည်း စစ်ရှောင်နေရ။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက် စားဖို့သောက်ဖို့တွေက အဆင်မပြေပါဘူး။ ရက်ကြာလာရင်တော့ ပြည်သူတွေပဲ ကြားထဲကထိခိုက်လာမှပါ။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါတိုက်ပွဲကြောင့် ဒေသအတွင်း ကုန်စည်များပြတ်လပ်နေပြီး၊ စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
“အမှန်အတိုင်းပြောရရင် အဆင်မပြေဘူး။ အကို့မိသားစုဆို ရိက္ခာပြတ်နေပြီ။ အောက်ခြေလူတန်းစား မြို့ခံပြည်သူတွေလည်း အကို့လိုဖြစ်နေတာပဲ။ ကုန်စည်တွေပိတ်ထားလို့ ကုန်တင်ကုန်ချမိသားစုတွေ စားရေးမနပ်မမှန်ရတဲ့ကြားက စစ်ထဖြစ်တယ်။ ပန်းရံ၊ လက်သမားမိသားစုတွေလည်းအတူတူပဲ။” ဟုမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ဒီဇင်ဘာ ၃၁ ရက်နေ့က ကွတ်ခိုင်မြို့ကို TNLA နှင့် ပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီ၊ ယခုအခါ MNDAA တပ်က နယ်မြေရှင်းလင်းရေးများပြုလုပ်ကာ ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- ဝီကီပီးဒီးယား
ယနေ့ခေတ်
ကိုးကန့်တပ် (MNDAA) က ကွတ်ခိုင်မြို့ကိုထိန်းချုပ် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်