ရန်ကုန်၊ ဩဂုတ် ၁၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် ဒေသခံ ၂၀,၀၀၀ ကျော် စစ်ဘေးလွတ်ရာသို့တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလိုအပ်နေကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာအချို့တွင် နလအတပ်နှင့် AA တပ်တို့ တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် ဒေသခံ ၂၀,၀၀၀ ကျော်သည် ရမ်းဗြဲ၊ ဇင်းချောင်း၊ စနဲ စသည့်နေရာများသို့ စစ်ရှောင်နေရပြီး စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေကြောင်း သိရသည်။
“ကျောက်ဖြူကနေ စစ်ရှောင်လာတဲ့ဦးရေက မှန်းလို့တောင်မရဘူး။ နှစ်သောင်းခွဲလောက်တော့ရှိမယ်ထင်တယ်။ ဒီဘက်က ရမ်းဗြဲ၊ စနဲနဲ့ ဇင်းချောင်းဘက်ကို ပြောင်းလာကြတာ။ သူတို့လတ်တလောလိုနေတာက စားနပ်ရိက္ခာပဲ ဆန်၊ ဆီ၊ ဆား အဓိကလိုနေတာပေါ့နော်။ ကျွန်တော်တို့ကလည်း အလှူရှင်တွေရှိမှ လှူပေးလို့ရတာပါ။ အခုဆို တစ်ခေါက်ပဲသွားလှူနိုင်သေးတယ်။” ဟု စစ်ရှောင်များကိုကူညီနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်တွင်လည်း လေကြောင်းလမ်းနှင့် ရေလမ်းကြောင်းတို့မှသာ ကုန်စည်စီးဆင်းမှုများရှိနေခြင်းကြောင့် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေ ကာ အောက်ခြေလူတန်းစားအချို့ လမ်းဘေးတွင် တောင်းရမ်းစားသောက်သူများရှိလာခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် ကြက်ဥတစ်တစ်လုံး ၁၃၀၀ ကျပ်၊ ဝက်သားတစ်ပိဿာ ၆၀,၀၀၀ ကျပ်၊ ကြက်သားတစ်ပိဿာ ၇၀,၀၀၀ ကျပ်နှင့် ဆန်ကြမ်းတစ်အိတ် ၂၀၀,၀၀၀ ကျပ်ကျော်ပေးကာ စားသုံးနေရကြောင်း သိရသည်။
“ကျောက်ဖြူမြို့ပေါ်မှာတော့ တိုက်ပွဲကမဖြစ်ဘူး။ မြို့နယ်အတွင်းက ကျေးရွာတွေဘက်မှာဖြစ်နေတာ။ ကျောက်ဖြူမှာတော့ ကုန်စျေးနှုန်းက မတရားကိုကြီးတယ်။ စျေးရောင်းတဲ့သူတွေက သူတို့သူဌေးဖြစ်ဖို့ပဲသိတယ်။ မရှိတဲ့သူတွေကို ကိုယ်ချင်းမစာဘူး။ သင်္ဘောနဲ့လာတဲ့ကုန်တွေဆိုရင် ကုန်ချနေတဲ့အချိန်လောက်ပဲ စျေးသက်သာတယ်။ ကုန်တွေကုန်ခါနီးပြီ သင်္ဘောလည်းပြန်ထွက်ပြီဆို စျေးကိုမတရားတောင်းတော့တာ။ ကိုယ်ချင်းမစာဘူး။ ဆန်တွေဆိုရင် ဟိုတလောက စျေးအရမ်းကြီးတာ။ စားနိုင်တာဆိုလို့ ကြက်ကျွေးတဲ့ဆန်လောက်ပဲစားနိုင်တယ်။ တစ်နေ့လုပ် တစ်နေ့စားတဲ့သူတွေလည်း တော်တော်ခက်ခဲလာတယ်။ တချို့ဆို လမ်းဘေးမှာတောင် တောင်းစားလာကြတာတွေရှိတယ်။” ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရန်ကုန်-ကျောက်ဖြူ လေကြောင်းခရီးအတွက် လေယာဉ်လက်မှတ်ရောင်းသည့် အေးဂျင့်များကလည်း လေယာဉ်လက်မှတ်စျေးနှုန်းများ အဆမတန်မြင့်တင်ရောင်းချနေခြင်းကြောင့် ခရီးသွားပြည်သူအချို့ အခက်အခဲများရှိနေကြောင်း သိရသည်။
“အရင်က ကျောက်ဖြူကနေရန်ကုန်ကို လူတစ်ယောက် သုံးသိန်းခွဲပဲကျတယ်။ အခု ခုနှစ်သိန်းကျော်ပေးရတယ်။ ပွဲစားတွေက မတော်လော်ဘတွေနဲ့တောင်းကြတာ။ အကုန်ဒုက္ခရောက်နေချိန်ကိုလေ။ ကလေးနေမကောင်းလို့ ရန်ကုန်ကိုဆေးခန်းလာဖို့လုပ်တာ ရင်ခွင့်ပိုက်ကလေးဆို ၁၀ ရာခိုင်နှုန်းပဲကျတာ၊ သူတို့တွေကကြားကနေ မတော်မတရားနဲ့ တစ်ယောက်စာတောင်းကြတယ်။ သိရင် သိတဲ့သူကပြောပေးမှ အဆင်ပြေတာပါ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ကျော်တော်၊ အမ်း၊ ဂွ၊ ပေါက်တော၊ မြောက်ဦး၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ သံတွဲ စသည့်နေရာများတွင် နစကတပ်နှင့် AA တပ်တို့ တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်များလည်းရှိနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် အရပ်သားသေဆုံးသူ ၉၂၆ ဦး၊ ဒဏ်ရာရရှိသူ ၁,၉၅၄ ဦးထိရှိခဲ့ကာ၊ နေအိမ်၊ စားသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများအပါ အဝင် အဆောက်အဦပေါင်း ၁၀,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း အတည်မပြုနိုင်သည့် ဒေသတွင်းသတင်းများအရ သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-ငပိလီကမ်းခြေပရဟိတအသင်း
#ယနေ့ခေတ်
ကျောက်ဖြူမြို့နယ်မှ ဒေသခံ ၂၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်