တန့်ယန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေထိန်းနံရံပြိုကျကာ အမျိုးသမီးတစ်ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၈

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်ပေါ်သို့ မြေထိန်းနံရံပြိုကျပြီး အမျိုးသမီးတစ်ဦးပေါ်သို့ပိမိကာ သေဆုံးခဲ့ကြောင်း သိရ သည်။

ဇွန်လ ၈ ရက်၊ နံနက်ပိုင်းက တန့်ယန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ်(၆)ရပ်ကွက်၊ အုပ်စု(၅)ရှိ လူနေအိမ်တစ်လုံးပေါ်သို့ မြေထိန်းနံရံပြိုကျပြီး အသက်(၄၉)နှစ်ရှိ အမျိုးသမီးတစ်ဦးပေါ်သို့ပိမိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“နံရံကြီးနဲ့ကပ်ပြီးတော့မှ အိမ်ဆောက်တော့ နံရံကကျောက်နဲ့ဆိုတော့ မိုးများပြီး ရေထွက်ပေါက်တွေမရှိတော့ နံရံပြိုကျတာ။ သူအိပ်တဲ့အခန်းကို ပိမိပြီးတော့ဖြစ်သွားတာ။ မိုးက တော့ မနေ့ညထဲကရွာတာ။ ရပ်ကွက်တွေထဲလည်း ရေတွေဝင်တယ်။ နောက်တစ်ခု ရပ်ကွက်(၅) မှာဆို ရေလယ်ဘုရားက အုတ်တံတိုင်းပြိုကျတာ။ ပေ ၇၀ လောက်တော့ရှိတယ်။ အခုတော့ မိုးမရွာဘူး။ မိုးတွေတော့မဲနေတယ်။” ဟု တန့်ယန့်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

နံရံပြိုကာပိမိပြီး သေဆုံးသွားသည့် အမျိုးသမီးကို ဒေသခံလူမှုကူညီးရေအသင်းမှ တန့်ယန်းပြည်သူ့ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။

မတ်လ ၉ ရက်၊ နံနက် ၁၁ နာရီကလည်း ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်၊ အမှတ်(၆)၊ ရွာပုလဲကျေးရွာတွင် အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဆောက်လက်စနှစ်ထပ်တိုက်မှ ဝရံတာပြိုကျကာပိမိပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-တန့်ယန်းမီးသတ်
ယနေ့ခေတ်

တန့်ယန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေထိန်းနံရံပြိုကျကာ အမျိုးသမီးတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.