တပ်ကုန်းမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၅၀ နှင့် စာသင်ကျောင်း ပျက်စီး ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

နေပြည်တော်၊ တပ်ကုန်မြို့ရှိ ကျေးရွာနှစ်ရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၅၀ နှင့် စာသင်ကျောင်းတစ်ကျောင်း အမိုးများလန်ကာပျက်စီးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၂ ရက်၊ နံနက် ၁၁ နာရီခန့်က တပ်ကုန်မြို့နယ်ရှိ ကျောင်စရစ်ကုန်းကျေးရွာနှင့် ထုံးဖိုကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၅၀ နှင့် စာသင်ကျောင်းတစ်ကျောင်း အမိုးများလန်ကာပျက်စီးသွားခဲ့ကြောင်း သိရသည်။

“လေတိုက်တာက လေပွေလို စက်ဝိုင်းပုံစံမျိုးတိုက်တာ။ ဘေးပတ်ပတ်လည်ကို တိုက်တာဆိုတော့ နေအိမ်အမိုးတွေ သွပ်တွေကလန်သွားတာ။ ကျေးရွာနှစ်ရွာကိုတိုက်တာ။ ထုံးဘိုမှာ နေအိမ် ၃၄ လုံး၊ စာသင်းကျောင်းတစ်ကျောင်း။ ကျောက်စရစ်ကုန်းကျေးမှာက နေအိမ် ၁၆ လုံး။ လူထိခိုက်မှုတွေတော့မရှိပါဘူး။ ပျက်စီးသွားတဲ့အိမ်တွေက လူတွေကတော့ အနီးနားမှာရှိတဲ့အိမ်မှာနေတာနဲ့ ကိုယ့်အိမ်ကိုပြန်ပြင်ပြီးနေတဲ့သူတွေလည်းရှိတယ်။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်နေအိမ်များကို နယ်မြေခံမီးသတ်တပ်ဖွဲ့များက ဝိုင်းဝန်းကူညီးပေးခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့နံနက် ၇ နာရီခန့်ကလည်း နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတပဲ့ကျေးရွာအုပ်စု၊ ဆည်စုကျေးရွာနှင့် ရွာမကျေးရွာအုပ်စု၊ မြောက်ကျောင်းစုကျေးရွာ၊ ကျားကူးအနောက်ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၅၀ ကျော်ပျက်စီးကာ သစ်ပင်များလဲကျခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၆ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲနှင့် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန့်ကြားမှုဦးစီးဌာနက ဖေဖော်ဝါရီ ၂၂ ရက်၊ နေ့လည် ၁၂ နာရီတွင် ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန့်ကြားမှုဦးစီးဌာနက ကြိုတင်သတိပြုနိုင်ရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

#ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
#ယနေ့ခေတ်

တပ်ကုန်းမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၅၀ နှင့် စာသင်ကျောင်း ပျက်စီး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.