ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
မြန်မာ-ကိုရီယားချစ်ကြည်ရေး(ဒလ)တံတား ဒလဘက်အခြမ်းတိုးဂိတ်တွင် ကလေးငယ်တစ်ဦး YBS ယာဉ်ပေါ်မှကျွံကျကာ သေဆုံးသွားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၃ ရက်၊ ညနေ ၄ နာရီကျော်က ဒလမြို့နယ်မှ ဘာသာရေးအရဝါဖြေရန် ရန်ကုန်မြို့တွင်းသို့ အဒေါ် ဖြစ်သူနှင့်အတူ မုန့်ဝယ်ပြီးအပြန် ဒလတိုးဂိတ်အရောက်တွင် ငါးနှစ်အရွယ်ကလေးတစ်ဦး YBS ၇၂ ယာဉ်၏ ကြမ်းခင်းအပေါက်မှကျွံကျကာ ကား၏နောက်ဘီးဖြင့်ကြိတ်မိပြီး နေရာတွင်သေဆုံးသွားကြောင်း သိရသည်။
“ဒလတိုးဂိတ်အရောက် Slow down အဖြတ်မှာ ကားကခုန်ပြီး YBS ၇၂ ကြမ်းခင်းပေါက်နေတဲ့နေရာကနေ ပြုတ်ကျတာ။ ကလေးက ကားနောက်ဘီးနဲ့ကြိတ်မိရာက နေရာမှာပဲ ဦးခေါင်းခွံကွဲဒဏ်ရာနဲ့ ပွဲချင်းပြီးဆုံးသွားတယ်။ ဝါဖြေဖို့ ရန်ကုန်ကိုမုန့်လာဝယ်တာ။ ကလေးက ငါးနှစ်တော့ရှိပြီ။ နေတာက ဒလမှော်စက်မှာနေတာ။” ဟု ကြီးလေးကြီး လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ကားကြမ်းပြင်ပေါ်မှကျွံကျကာ သေဆုံးသွားသည့် ကလေး၏ရုပ်အလောင်းကို ကြီးလေးကြီးလူမှုကူညီရေးအသင်းက ဒလမြို့ပြည်သူ့ဆေးရုံမှတဆင့် သုသာန်သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-ကြီးလေးကြီးလူမှုကူညီရေးအသင်း
#ယနေ့ခေတ်
ဒလတံတား တိုးဂိတ်တွင် YBS ယာဉ်ပေါ်မှ ကလေးတစ်ဦးကျွံကျသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်