ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
ရန်ကုန်မြို့အတွင်း လေထုညစ်ညမ်းမှုသည် အဆင့်(၄)သို့ရောက်ရှိနေပြီး၊ ဖုန်မှုန့်များနှင့် အမှုန်အမွှားများကြောင့် ကျန်းမာရေးထိခိုက်နိုင်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၃ ရက်၊ ညနေပိုင်းတွင် လေထုညစ်ညမ်းမှုသည် အဆင့်(၄)သို့ရောက်ရှိခဲ့ပြီး၊ ထိုလေထုညစ်ညမ်းမှုကြောင့် မျက်လုံးနာခြင်း၊ လည်ချောင်းယားယံခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခြင်းတို့ဖြစ်ပေါ်စေပြီး အဆုတ်ရောဂါ၊ ပန်းနာရင်ကြပ်သူများ ပိုမိုဆိုးရွားလာနိုင်ကြောင်း သိရသည်။
ရန်ကုန်မြို့အတွင်း လေထုညစ်ညမ်းမှု( Air Quality Index – AQI) 171 သည် ကျန်းမာရေးနှင့်မညီညွှတ်၍ နိုင်ငံတကာလေထုအရည်အသွေးညွှန်းကိန်းအရလည်း အဆင့် (၁၅၁ မှ ၂၀၀) ကြားရောက်ရှိနေခြင်းကြောင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုးများ ဂရုစိုက်နေထိုင်ရန် ဆရာဝန်တစ်ဦးက လူမှုကွန်ရက်တွင် သတိပေးနှိုးဆော် ထားသည်ကို တွေ့ရသည်။
လေထုညစ်ညမ်းမှုကြောင့် ကလေးငယ်များ၌ ဖုန်မှုန့်များလွယ်ကူစွာဝင်ရောက်နိုင်ပြီး အသက်ရှူနှုန်းပိုမြန်ခြင်း ချောင်းဆိုးခြင်း၊ နှာစေးခြင်းများဖြစ်ပေါ်တတ်ပြီး၊ မောခြင်း၊ မျက်လုံး၊ နှာခေါင်းယားယံခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရာတွင် တရွှီရွှီမြည်ခြင်း၊ ပြာနှမ်းခြင်းများဖြစ်ပေါ်လာပါက ဆေးရုံ၊ ဆေးခန်းကိုသာ သွားရောက်ကုသရန် ဆရာဝန်တစ်ဦးက ညွန်ကြားထားသည်ကို တွေ့ရသည်။
ဓာတ်ပုံ-ယနေ့ခေတ်
ရန်ကုန်မြို့တွင် လေထုညစ်ညမ်းမှု အဆင့်(၄)သို့ ရောက်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်